အိပ်ပျော်နေသည့် ဆင်ပေါက်ကလေး အသက်ရှုမရှု စမ်းကြည့်နေသည့် မိခင်ဆင်မကြီး (ရုပ်သံ)
Published By
DVB | 20 September, 2018
2.3K
0
Share
0
Comment
0
Likes
ကိုယ့်ရဲ့ရင်သွေးအပေါ် ထားရှိတဲ့ မေတ္တာတရားဟာ လူတွေမှာတင် မဟုတ်ပါဘူး၊ တိရစ္ဆာန်တွေရဲ့ ကမ္ဘာမှာလည်း ရှိကြတာပါပဲ။
အိပ်ပျော်နေတဲ့ မွေးကင်းစရင်သွေးလေးရဲ့ အသက်ရှူမှု ပုံမှန်မမှန်အပေါ် စိတ်မပူပန်တတ်တဲ့ မိဘတွေ ရှိပါ့မလား။
မေရာသတင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အိပ်ပျော်နေတဲ့ ဆင်ပေါက်ကလေးကို စမ်းသပ်စစ်ဆေးနေတဲ့ မိခင်ဆင်မကြီးရဲ့ ချစ်စရာကောင်းတဲ့ ကြည်နူးဖွယ်မြင်ကွင်းကို တွေ့ကြရမှာပါ။
ဆင်ကလေးဟာ အသက်ရှူနှုန်း ပုံမှန်ရှိပါတော့မလားဆိုတဲ့ ပူပန်စိတ်နဲ့ သားဖြစ်သူ ဆင်ပေါက်ကလေးရဲ့ ရင်ဘတ်ကို မိခင်ဆင်မကြီးက နှာမောင်းနဲ့ ညင်ညင်သာသာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့ပြီး Volunteer in Thailand အဖွဲ့က ပရိုဂရမ်ဒါရိုက်တာဟောင်းတဦးဖြစ်တဲ့ လက်စလီ အေတမ်မန်ဆန်က ရုပ်သံမှတ်တမ်း တင်ထားနိုင်ခဲ့တာပါ။
“မိခင်ဟာ မိခင်ပါပဲ။ ဘယ်မျိုးစိတ်ဖြစ်ဖြစ်ပါ။ ဒီဆင်မိခင်ကြီးကတော့ အိပ်ပျော်နေတဲ့ သားငယ်ကို ညင်ညင်သာသာ စစ်ဆေးနေတာဖြစ်ပြီး ဒါဟာ လူသားမိခင်တွေလိုပါပဲ။”
ဆင်တွေဟာ ဉာဏ်ရည်မြင့်မားတဲ့ သတ္တဝါတွေထဲမှာ ပါဝင်ပြီး အာရုံခံနိုင်တဲ့ နျူရွန်အရေအတွက် ၃၀၀ ဘီလျံလောက်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပြီး ဒါဟာ လူသားတယောက်နီးပါး အသိဉာဏ်မြင့်မားမှုကို ပြသနေတာ ဖြစ်ပါတယ်။