Home
မြန်မာသတင်း
ရှမ်းလူငယ် ၄ ဦး လက်နက်ကိုင်အဖွဲ့လှုပ်ရှားနယ်မြေတွင် ၁ လကျော် ပျောက်ဆုံးနေ
နန်းမြနဒီ
·
September 20, 2018
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုကနေ တရုတ်ပြည် ရွှေလီ ဒေသမှာ အလုပ်သွားလုပ်တဲ့ လူငယ် ၄ ဦးဟာ နေရပ်ကို ပြန်လာတဲ့လမ်းမှာ လက်နက်ကိုင် အဖွဲ့ လှုပ်ရှားနယ်မြေတွင်း ဖြတ်သန်းလာပြီးတဲ့နောက် တလကျော် ပျောက်ဆုံးနေပါတယ်။ မုံးစီးအုပ်စု ဗြိန်းခံရွာက စိုင်းမန်လူ (၁၉ နှစ် )၊ အိုက်ထွန်းလှ ( ၂၂ နှစ်)၊ အိုက်ယွန်း (၂၃ နှစ်)နဲ့ အိုက်ယီဆွေ (၁၉ နှစ်)တို့ ၄ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က မူဆယ်နဲ့ ပန်ဆိုင်းကြားရှိ ဟိုနောင်နမ့်ပန်း ကူးတို့ဆိပ်ကို ဖြတ်ကူးစဉ် ပျောက်ဆုံးသွားတာလို့  ပျောက်ဆုံးနေသူရဲ့ မိသားစုဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ “ပျောက်တဲ့အထဲမှာ ကျနော့ရဲ့ညီနဲ့ တူလေးတယောက်ပါသွားတယ်ခင်ဗျ။ သူတိုက ဟို ဘက်ကမ်းမှာ အလုပ်သွားလုပ်တာ၊ ရွာမှာ မြေပဲဆွတ်ချိန်ရောက်လို့ ၁၉ ရက်နေ့က  ပြန်လာ တယ်။ ကျနော်ကတော့ မူဆယ် တုန်ခန်ရွာမှာအလုပ်လုပ်နေတယ်။ အိမ်ကိုအတူတူပြန်ကြဖို့ စောင့်နေပါဆိုလို့ ကျနော်စောင့်နေတာ၊ တနေ့လုံးစောင့်လဲ ပေါ်မလာဘူး။ ပန်ဆိုင်းမှာရှိတဲ့ အမ တ၀မ်းကွဲကိုမေးတော့ သူတို့ပြန်သွားပြီ နမ့်ပန်းရွာ ဟိုနောင်ကု တို့ဆိပ်ဘက်ကနေ ပြန်သွား တာတဲ့။ ၃ ရက်ကြာထိ ရောက်မလာတော့ အမက အဲဒီကူးတို့ဆိပ်နားလိုက်လာတယ်။ အဲဒီနားက လူတွေမေးကြည့်တော့ ၁၉ ရက်နေ့က လူငယ် ၄ ယောက်ကို လက်နက်ကိုင်အဖွဲ့က လိုက်ဖမ်းတာ ၃ ယောက်ထွက်ပြေးပြီး ၁ ယောက်ကို ဖမ်းသွားတယ်လို့ ပြောတယ်။  ဒါနဲ့ အဲဒီနေရာမှာရှိတဲ့ အာရ်စီအက်စ်အက်စ်ရှမ်းတပ်ရဲ့ ဂိတ်ကို သွားမေးတယ်။ ဂိတ်ကတော့ မသိဘူးလို့ ပြန်ပြောတယ်ဗျ။” လူငယ်တွေပျောက်ဆုံးနေတဲ့အတွက် မိဘဆွေမျိုးတွေ ပူဆွေးသောကရောက်နေပြီး သူတို့ထဲက စိုင်းမန်လူရဲ့အမေ နန်းပူးဟာဆိုရင် သားဇောနဲ့ စိတ်မနှံ့သူလို ဖြစ်နေတယ်လို့  သူက ဆက်ပြောပါတယ်။ သူတို့ဟာ ကွတ်ခိုင်က ကျားခေါင်းပါတီကို ဆက်သွယ်အကူအညီတောင်းခဲ့ပြီး ကျားခေါင်း ပါတီကလည်း  သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဆက်သွယ်မေးမြန်းပေးခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က လားရှိုးမှာ သတင်းစာရှင်းပွဲစီစဉ်ပေးခဲ့ပါတယ်။ လားရှိုးမြို့နယ်  ရှမ်းတိုင်းရင်းသားမျာဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလှိုင်းခမ်းက “မူဆယ်မှာရှိတဲ့ ပါတီဝင်တွေလည်း သူတို့ပျောက်ဆုံးသွားတဲ့ လမ်းကြောင်းပေါ်က အဖွဲ့အစည်းတွေကို မေးကြည့်ပါတယ်။ ဘယ်အဖွဲ့မှ မတွေ့ဘူးလို့ပြောတယ်ခင်ဗျ။ အဲဒီနယ်မြေတ၀ိုက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့က စုံတယ်။”လို့ ပြောပါတယ်။ အခုလို လူငယ်တွေ ပျောက်နေတဲ့အပေါ်မှာ မိဘဆွေမျိုးတွေနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသထဲလှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တဖွဲ့နဲ့တဖွဲ့အကြား သံသယဖြစ်ကာ ပြဿနာပိုဖြစ်မှာကို စိုးရိမ်လို့  လူငယ်တွေ အမြန်ဆုံးပြန်လွတ်လာဖို့ မျှော်လင့်တယ်လို့ စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024