Home
မြန်မာသတင်း
အကြွေးစနစ်နှင့် အဆင့်ဆင့်ဖြန့်ဖြူးရောင်းချသဖြင့် ထီဈေးကြီးဟု ဝန်ကြီးပြော
DVB
·
September 20, 2018
ထီလက်မှတ်တွေကို အကြွေးစနစ်နဲ့ အဆင့်ဆင့် ဖြန့်ဖြူးရောင်းချနေကြတာကြောင့် ထီဈေးနှုန်းကြီးမြင့်တဲ့ ပြဿနာ ဖြစ်ပေါ်နေတာလို့ ရန်ကုန်တိုင်းစီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။ စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့ မေးခွန်းကိုဖြေရင်း ဝန်ကြီး ဦးမြင့်သောင်းက ပြောခဲ့တာပါ။ “ဈေးကွက်အတွင်း ထီလက်မှတ်များကို ပြန်လည်စိစစ်တဲ့အခါ ဈေးကွက်ရဲ့ သဘောသဘာဝအရ အောင်ဘာလေသိန်းဆုဌာနခွဲကနေ တိုက်ရိုက်ဝယ်ယူသူများရဲ့ ပင်ရင်းထီဆိုင်၊ အဲ့ဒီကတဆင့် ကိုယ်စားလှယ်ထီဆိုင်၊ ကိုယ်စားလှယ်ကနေ ထပ်ဆင့်ရောင်းချတဲ့ ထီဆိုင်၊ ထပ်ဆင့်ရောင်းချတဲ့ ထီဆိုင်ကနေ ဆက်လက်ရောင်းချတဲ့ ထီဆိုင် ဒီလိုအဆင့်ဆင့် ဖြန့်ဖြူးရောင်းချနေကြပါတယ်။ အဆင့်ဆင့်ရောင်းချတဲ့ ထီဆိုင်တွေဟာ ငွေရေကြေးရေးအရ ဌာနခွဲကနေ တိုက်ရိုက်ဝယ်ယူနိုင်ခြင်း မရှိကြတာကြောင့် ပင်ရင်းဆိုင်ကြီးတွေကနေ ရောင်းပြီးမှ ပေးရတဲ့ အကြွေးစနစ် ဆောင်ရွက်ကြပါတယ်။ အဲ့ဒီလို အကြွေးစနစ်နဲ့ ဆောင်ရွက်နေရတာကြောင့် ထီဆိုင်အဆင့်ဆင့်ကြားမှာ ဈေးအမြတ်တင်တာ၊ ငွေကြေးပြဿနာတက်တာ၊ ထီဈေးနှုန်းကြီးမြင့်မှု ပြဿနာတွေ  ဖြစ်ပေါ်နေရခြင်းဖြစ်ပါတယ်။” ထီလက်မှတ်ရောင်းချဖြန့်ဖြူးတဲ့နေရာမှာ အောင်ဘာလေသိန်းဆုဌာနရဲ့ ညွှန်ကြားချက်နဲ့ပဲ ဆောင်ရွက်နေရတာဖြစ်ပြီး ဒီနေ့အထိ အောင်ဘာလေထီ ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိသေးတာကြောင့် ထီဈေးကြီးတဲ့ ပြဿနာ ဖြစ်ပေါ်နေရတာလို့လည်း တိုင်းစီမံဘဏ္ဍာဝန်ကြီးက ရှင်းပြပါတယ်။ အောင်ဘာလေဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အောင်ဘာလေထီဥပဒေ ပြဋ္ဌာန်းပြီးရင်တော့ ထီဆိုင်အဆင့်ဆင့်ကို ကြီးကြပ်ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတ်မှတ် ဈေးနှုန်းအတိုင်း ဝယ်ယူနိုင်ပြီး  မိမိနှစ်သက်ရာဂဏန်းကို ရွေးချယ်ကံစမ်းနိုင်တဲ့ e-lottery စနစ်လည်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ ထီလုပ်ငန်းရှင်များအသင်းအနေနဲ့ ဈေးကြီးတယ်လို့ တိုင်ကြားခံရတဲ့ ထီဆိုင်ခွဲဟာ ဈေးနှုန်းပိုမိုရောင်းချနေတာ စိစစ်တွေ့ရှိရင် ပင်ရင်းဆိုင်တွေက ကြီးကြပ်မှုအားနည်းတယ်လို့ သတ်မှတ်ပြီး ပင်ရင်းဆိုင်ရောင်းချတဲ့ ထီအရေအတွက်ကို လျော့ချတဲ့ နည်းလမ်းနဲ့  အရေးယူဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ အောင်ဘာလေသိန်းဆု ဌာနခွဲကနေ မြန်မာနိုင်ငံ အနှံ့အပြားကို ထီစာအုပ်များဖြန့်ဖြူးရာမှာ လစဉ်အနည်းဆုံး အုပ်ရေ (၅ဝ) ကနေ အများဆုံး အုပ်ရေ (၄) သောင်းလောက် ရောင်းချဖြန့်ဖြူးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024