Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
September 20, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ The House with a Clock in Its Walls ရုပ်ရှင်ကားပါ။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures က တင်ဆက်လိုက်တာပါ။ Hollywood Fantasy Comedy Family ရုပ်ရှင်ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြမယ့် ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Eli Roth က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ မိဘမဲ့ ကလေးတယောက်ဖြစ်လာခဲ့တဲ့ ၁၀ နှစ်အရွယ် ကောင်လေး Lewis ဟာ ဦးလေးဖြစ်တဲ့ Jonathan နဲ့အတူ အိမ်အိုကြီးတလုံးထဲမှာ အတူနေရဖို့ ဖြစ်လာတယ်။ အဲဒီအိမ်ဟာ အ ရမ်းအိုဟောင်းနေပြီး အိမ်ထဲမှာတော့ ဘယ်သူမှမသိတဲ့ မှော်ဆန်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်။ မူလအိမ်ရှင်ဇနီးမောင်နှံဟာ သူတို့ မဆုံးခင်မှာ စွမ်းအားတချို့ရှိတဲ့ တိုင်ကပ် နာရီတလုံးကို အိမ်ရဲ့ နံရံတခုထဲမှာ မြုပ်ထားခဲ့ကြတယ်။ ကောင်လေး Lewis ရောက်လာချိန်မှာ သူက အိမ်ကြီးထဲက ထူးခြားမှုတွေကို သတိထားမိလာတယ်။ ဦးလေး ဖြစ်သူ Jonathan ကလည်း မှော်အတတ်တွေကို စိတ်ဝင်စားတဲ့သူ။ ဒီအချိန်မှာ အိမ်နီး ချင်းမိတ်ဆွေဖြစ်တဲ့ စုန်းမ Florence နဲ့  ၃ ပွင့်ဆိုင် ဆုံကြချိန်မှာ ထူးဆန်းတဲ့ အိမ်ကြီး ထဲမှာ မြုပ်ထားတဲ့ နာရီကြောင့် ဘာတွေ ကြုံတွေ့ကြမလဲ။ ဘာတွေဆက်ဖြစ်ကြမလဲ။ မြုပ်ထားတဲ့ နာရီကိုရော သူတို့တွေ့သွား ကြမလားဆိုတာတွေကို မှော်ဆန်တဲ့ ဖမ်းစားမှု တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ ၁၀ နှစ်သားကောင်လေး Lewis နေရာမှာတော့ အမေရိကန် ကလေးသရုပ်ဆောင် Owen Vaccaro, ဦးလေးဖြစ်သူ Jonathan နေရာမှာ အမေရိကန်သရုပ်ဆောင်မင်းသား Jack Black, အိမ်နီးချင်းမိတ် ဆွေစုန်းမ Florence နေရာမှာတော့ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ နာ မည်ကြီး သြစတေးလျမင်းသမီးကြီး Cate Blanchett တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ ကလေးတွေကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့ ကြည့်သင့်တဲ့ PG အဆင့်သတ်မှတ်ထားတာပါ။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့ကမှ ရုံ တင်ခဲ့ပြီး Box Office မှာ ၀င်ငွေအများဆုံး တတိယနေရာမှာ ရပ်တည်နေခဲ့တဲ့ ရုပ်ရှင်ကားပါ။ A Simple Favor လို့ အမည်ရပါတယ်။ ဒီကားဟာ Crime, Drama, Mystery အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်ပြီး ဒီ ကားကို အမေရိကန် သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတဦးဖြစ်တဲ့ Paul Feig က ထုတ်လုပ်သူအဖြစ်ရော၊ ဒါရိုက်တာအဖြစ်ပါ ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ Vlogger Mommy တယောက်ဖြစ်တဲ့ Stephanie ဟာ မြို့ငယ်လေးတခုမှာ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း Emily ရုတ်တရက် ထူးဆန်းစွာပျောက်ဆုံးသွားတဲ့နောက်ကွယ် က အမှန်တရားကို ရှာဖွေဖို့ ကြိုးစားတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ သူဟာ Emily ရဲ့ ခင်ပွန်းဖြစ်သူ Sean နဲ့ ဆက်သွယ်ပြီး လိုက်ခဲ့ချိန်မှာ လှည့်စားမှုနဲ့ သစ္စာဖောက်ဖျက်မှု၊ လျှို့ဝှက်ချက်နဲ့ အမှန်တရား၊ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား၊ သတ်ဖြတ်မှုနဲ့ လက်စားချေမှု စတဲ့ အကြောင်းအရာတွေနဲ့အတူ ဘာတွေကြုံတွေ့ရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာ အဓိက ဇာတ်ကောင် အမျိုးသမီး ၂ ဦးဖြစ်တဲ့ Spephanie နဲ့ Emily တို့ နေရာမှာတော့ အမေရိကန်မင်းသမီးတွေဖြစ်ကြတဲ့ Anna Kendrick နဲ့ Blake Lively တို့က သရုပ်ဆောင်ထားကြပြီး ခင်ပွန်းဖြစ်သူ Sean နေရာမှာတော့ သိပ်မကြာ သေးခင်ကမှ Crazy Rich Asians ရုပ်ရှင်နဲ့ နာမည်ကြီးလာခဲ့တဲ့ မလေးရှားမင်းသား Henry Golding တို့က အတွဲညီညီနဲ့ ပါဝင်ထားပါတယ်။ ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက်တွေ၊ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင် ခန်း ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၁၇ မိနစ်ရှိတဲ့ ဒီကားဟာ IMDb မှာလည်း Rating 7.4 အထိ ရရှိထားတာဖြစ်ပြီး Box Office မှာတော့ ရုံတင်တဲ့ ပထမ သီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၉ ဒဿမ ၆ သန်း ရရှိထားပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ၂၄ နာရီ ၁ ချစ်ဆိုပြီး ခပ်ဆန်းဆန်း နာမည်ပေးထားတဲ့ မြန်မာရုပ်ရှင်ကားတကားပါ။ ဒီရုပ်ရှင်ကားဟာ အချစ်ဟာသ ရုပ်ရှင်အမျိုးအစားဖြစ်ပြီး စာရေးဆရာ မင်းခိုက်စိုး စန်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေတဆင့် ဖြစ်လာတဲ့ အကြောင်းအရာတွေကြောင့် ရပ်ကွက်ထဲက လူမှုဘ၀ပတ်ဝန်းကျင်မှာ အလွဲလွဲအချော်ချော် ဖြစ်ရတာတွေကို အချစ်နဲ့ ဟာသနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ မြန်မာစာပါမောက္ခတဦးရဲ့သား အမွှေစိန် စစ်ဘုန်းလူ၊ ရပ်ကွက်ထဲက လူတွေနဲ့ ခပ်ကင်းကင်းနေတဲ့ အလှဘုရင်မလေး စုမြတ်ဒေ၀ီ၊ ဇီဇာကြောင်ပြီး ရပ်ကွက်ထဲမှာ ကြိုက်မယ့်သူမရှိတဲ့ အပျိုကြီးစတဲ့ ဇာတ်ကောင်တွေနဲ့အတူ ဘယ်လို အချစ်၊ ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးထားသလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာပါ။ ဒီကားထဲမှာတော့ အောင်ရဲလင်း၊ မိုးဟေကို၊ အေးမြတ်သူတို့နဲ့အတူ သရုပ်မဆောင်တာကြာပြီဖြစ်တဲ့ မင်းသား ရာဇာနေ၀င်းတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားဟာသသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ၂၄ နာရီ ၁ ချစ်ရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက် နေ့မှာ ပြုလုပ်ခဲ့ပြီး ရုပ်ရှင် Trailer ဟာလည်း အင်တာနက်စာမျက်နှာပေါ်မှာ ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်းကျော်ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် စက်တင် ဘာလ ၂၁ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် ထူးထူးခြားခြား မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင် ကားတကားရှိနေပါတယ်။ Science Fair လို့ အမည်ရပါတယ်။ ဒီကားကတော့ Documentary, Family ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြ မယ့် ရုပ်ရှင်ကားတကားဖြစ်ပြီး Documentary ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ Darren Foster နဲ့ အမေရိကန် အမျိုးသမီးဂျာနယ်လစ်တဦးဖြစ်တဲ့ Cristina Costantini တို့ ပူး တွဲရိုက်ကူးထားတာ ဖြစ်ပါတယ်။ International Science and Engineering Fair ဆီ မတူကွဲပြားတဲ့ စွမ်းရည် တွေနဲ့ ခရီးဆက်ကြတဲ့ အထက်တန်းကျောင်းသား လူငယ် ၉ ဦးရဲ့ ယှဉ်ပြိုင်မှုကို ဒီကား ထဲမှာ ရှုစားကြရမှာပါ။ သူတို့ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၇၈ နိုင်ငံမှ ကျောင်းသားလူငယ် ၁၇၀၀ နဲ့ ယှဉ်ပြိုင်ခဲ့ကြရတာဖြစ်ပြီး သူတို့ထဲက အထူးချွန်ဆုံး လူငယ်တယောက်ကသာ ဒီပြိုင်ပွဲမှာ အနိုင်ရရှိမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ ဓာတုသိပ္ပံဆိုင်ရာ၊ အင်ဂျင်နီ ယာပညာရပ်ဆိုင်ရာ၊ သင်္ချာဆိုင်ရာ၊ ဆေးပညာဆိုင်ရာစသဖြင့် ထူးချွန်မှုတွေအပေါ် အခြေခံပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကြရမယ့် သူတို့ဟာ ဘယ်လိုယှဉ်ပြိုင်ကြမှာပဲ။ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဘယ်သူက အနိုင်ရမလဲဆိုတာတွေကို ဒီကားထဲမှာ တွေ့မြင် ကြရမှာပါ။ ဒီရုပ်ရှင်ကားဟာ နာမည်ကြီးရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Sundance Film Festival နဲ့ South by Southwest (SXSW) ရုပ်ရှင်ပွဲတော်တွေမှာ ကနဦးပြသခဲ့ပြီး Audience Awards တွေ ရရှိထားတဲ့ ဇာတ်ကားပါ။ IMDb မှာ Rating 8.4 အထိ ရရှိထားပြီး       ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကား ကိုတော့ လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားတကားရှိပါ သေးတယ်။ ဒီကားကတော့ မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ ရိုက်စားဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ မိုက်တီးက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ လူတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့၊ ကြုံတွေ့ကြရတဲ့ လိမ်ညာလှည့်ပတ်ခံရတဲ့ အဖြစ်အပျက်တွေကို ဟာသ နှောရိုက်ကူးထားပြီး မကောင်းမှုဆိုတာ တပတ်ပြန်လည်တတ်ပြီး ကိုယ့်နောက်ကို လိုက်ပါကာ ပျက်စီးခြင်းနဲ့သာ အဆုံးသတ်ရတတ်တယ်ဆိုတာကို ဒီရိုက်စားရုပ်ရှင်ကား ထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီရုပ်ရှင်ကားထဲမှာ ပြေတီဦး၊ စိုးမြတ်သူဇာတို့နဲ့အတူ ဗြိတိန်သရုပ်ဆောင်မင်းသမီးတဦးဖြစ်တဲ့ Libby Jennings က အတူတွဲဖက် သရုပ်ဆောင်ထားကြတာဖြစ်ပြီး တခြားဟာသသရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့က ပြသခဲ့ တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၄ သန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ် ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024