ပေါ့ဂ်ဘာ၊ မာရှယ်တို့၏ သွင်းဂိုးများဖြင့် မန်ယူက ယန်းဘွိုင်းစ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 20 September, 2018
945
0
Share
0
Comment
0
Likes
ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ အဖွင့်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်ယူဟာ အဝေးကွင်းမှာ အနိုင်ရရေး လူကာကူ၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာ၊ မာတစ်၊ လုခ်ရှော စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။
ပွဲချိန် ပထမပိုင်း ၃၅ မိနစ်မှာ မန်ယူအတွက် ပေါ့ဂ်ဘာက အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ၄၄ မိနစ်မှာလည်း ပယ်နယ်တီကတဆင့် ပေါ့ဂ်ဘာကပဲ ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။
ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။
မန်ယူအတွက် အပိတ်ဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ မာရှယ်က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို ခြေစွမ်းပြ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အုပ်စု အိတ်ခ်ျ တခြားပွဲစဉ်အဖြစ် ဗလင်စီယာနဲ့ ဂျူဗင်တပ်တို့ ပွဲစဉ်မှာတော့ ဂျူဗင်တပ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ နာမည်ကြီး ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒို ပွဲချိန် ၂၉ မိနစ်မှာပဲ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
ရော်နယ်ဒိုအတွက်တော့ ချန်ပီယံလိဂ် ၁၅၄ ပွဲကစားခဲ့ရာမှာ ပထမဆုံးအကြိမ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ လက်ကျန်ပွဲချိန်တွေကို ၁၀ ယောက်တည်းနဲ့ ကစားရတဲ့အတွက် အနိုင်ရရေး ရုန်းကန်ခဲ့ရပါတယ်။
အိမ်ရှင် ဗလင်စီယာအသင်းဟာ တယောက်အသာနဲ့ ကစားခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှု အသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတွေကိုတော့ ဖန်တီးနိုင်ခြင်းမရှိဘဲ အရှုံးပေးခဲ့ရတာပါ။
ဂျူဗင်တပ်အတွက် အနိုင်ဂိုး နှစ်ဂိုးလုံးကို ပယ်နယ်တီကတဆင့် ပီဂျာနစ် တဦးတည်းက သွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးကာနီးမှာ ဗလင်စီယာအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ဂျူဗီဂိုးသမား ကာကွယ်နိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဒီအုပ်စုက တပွဲစီကစားအပြီးမှာ မန်ယူနဲ့ ဂျူဗင်တပ်တို့က ရမှတ် ၃ မှတ်စီနဲ့ အုပ်စုကို ဦးဆောင်ထားပါတယ်။