ကြားဖြတ်ရွေးကောက်ပွဲဝင် အမတ်လောင်း ၉ ဦးကို ကျပ် ၁သိန်းစီ ယူအန်အေထောက်ပံ့မည်
ပိုင်စိုး
·
September 19, 2018
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၉ ယောက် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)အဖွဲ့က ကြေညာပါတယ်။
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့က လစ်လပ်မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းနီ (တိုင်းလိုင်) နဲ့ မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီတို့က ကိုယ်စားလှယ်တွေကို ရွေးချယ်ထားပါတယ်။
ယူအန်အေအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်က “လောလောဆယ်တော့ ယူအန်အေဘက်ကနေ ကိုယ်စားလှယ်လောင်း တယောက်ကို ကျပ် တသိန်းစီထောက်ပံ့မှာပါ။ ပြီးတော့ သူတို့နဲ့ အနီးစပ်ဆုံး သွားကူနိုင်တဲ့သူတွေက သွားကူပေးဖို့ပေါ့နော်။ ၉ ယောက်စလုံး မရှုံးဘူး ဆိုတာတော့ ပြောချင်တယ်ခင်ဗျ။ အားလုံးဝင်ပြီး အားလုံးနိုင်ရမယ်လို့တော့ ကျနော်တို့ မပြောနိုင်ဘူး။ သို့သော်လည်းပဲ ၉ ယောက်စလုံး မရှုံးဘူး ဆိုတာတော့ ပြောနိုင်တယ်” လို့ ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး လစ်လပ်မဲဆန္ဒနေရာ ၁၃ ခုအတွက် ကိုယ်စားလှယ်လောင်း ၆၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။
ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အခု အစိုးရလက်ထက်မှာ ဒုတိယအကြိမ် ကျင်းပတာပါ။