နိုင်ငံတွင်းဝင်ခွင့်ပြုမည့် ဒုက္ခသည် အရေအတွက် ထရမ့် ဆုံးဖြတ်ချက်ချမည်

ဓာတ်ပုံ - Getty Images
941
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အောက်လွှတ်တော်နဲ့ တိုင်ပင်ပြီးရင် အမေရိကန်နိုင်ငံအတွင်း ဝင်ခွင့်ပြုမယ့် ဒုက္ခသည် အရေအတွက်နဲ့ ပတ်သက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက် ချမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟီသာ နောင်းအတ်က စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
အမေရိကန်ဟာ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဒုက္ခသည် အရေအတွက် ၃ သောင်းကို လက်ခံမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တနင်္လာနေ့မှာ ပြောခဲ့တာပါ။
ဒါဟာ ၂၀၁၈ အတွက် လက်ခံတဲ့ လူလေးသောင်းခွဲထက် သိသိသာသာ လျော့ကျသွားတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကြေညာချက်ဟာ အစိုးရက လွှတ်တော်ကို အဆိုပြုတာသာဖြစ်ပြီး လွှတ်တော်နဲ့ တိုင်ပင်အပြီးမှာ သမ္မတက သူ့ဟာသူ ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိတယ်၊ ဒါကြောင့် မနေ့က ကြေညာချက်ဟာ နောက်ဆုံးကိန်းဂဏန်း ဖြစ်ချင်မှဖြစ်မယ်၊ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်တယ်လို့ နောင်းအတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။