ခရိုင်းမီးယားဒေသအတွင်း ဓာတုညစ်ညမ်းမှု ရှင်းလင်းရေး လုပ်ငန်းများ ဆက်လုပ်နေ

ဓာတ်ပုံ - Reuters
ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသအတွင်း ဓာတုညစ်ညမ်းမှု ရှင်းလင်းရေး လုပ်ငန်းတွေ ဆက်လုပ်နေတာကို စက်တင်ဘာ ၁၈ ရက်က တွေ့ရပါတယ်။ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ လေထဲပါဝင်မှု မြင့်တက်ခဲ့လို့ လေထုညစ်ညမ်းမှုအတွက် စိုးရိမ်ခဲ့ကြပါတယ်။ လေထုညစ်ညမ်းမှု ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ငြင်းခုန်နေကြဆဲ ဖြစ်ပါတယ်။ အပုပ်နံ့ရခဲ့အပြီး သံချေးရောင် စေးကပ်တဲ့ပစ္စည်းတွေ မျက်နှာပြင်တွေပေါ်မှာ လာပြီး ကပ်ငြိခဲ့တာကို သြဂုတ် ၂၃ ရက်ကစပြီး ဒေသခံတွေက မကျေမနပ် ပြောခဲ့ကြတယ်လို့ ရုရှားက ကျောထောက်နောက်ခံ ပေးထားတဲ့ ခရိုင်းမီးယားဝန်ကြီးချုပ် ဆာဂီလ် အက်ခ်စ်ယိုနော့ဗ်က စက်တင်ဘာ ၅ ရက်မှာ ပြောပါတယ်။ အိမ်သုတ်ဆေးနဲ့ အစားအသောက် ဆိုးဆေးတွေမှာ သုံးတဲ့ တိုင်တေနီယံ ဒိုင်အောက်ဆိုဒ် အမှုန့်တွေကို ထုတ်လုပ်ရာ ခရိုင်းမီးယန်း တိုင်တန်စက်ရုံကို သီတင်းပတ် နှစ်ပတ်ကြာ ယာယီပိတ်ထားမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ စက်ရုံကထုတ်တဲ့ ပစ္စည်းတွေက ဒါမျိုးသက်ရောက်မှုတွေ မဖြစ်ဘူး၊ နောက်ထပ် စုံစမ်းဖို့လိုတယ်လို့ အဲဒီစက်ရုံရဲ့ ထုတ်လုပ်မှု ကြီးကြပ်ရေးမှူးဟောင်းနဲ့ တိုင်တန် စစ်ပြန် လူ့အဖွဲ့အစည်းခေါင်းဆောင် ဂါလီနာ ဂိုစပိုဒါရန်ကိုက သတင်းထောက်တွေကို ပြောပါတယ်။ ဓာတုပစ္စည်းတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ မအီမသာ ဖြစ်နေဆဲလို့ မြို့ခံတွေက ပြောပါတယ်။ ပင်လယ်နက် ကျွန်းဆွယ်ပေါ်က ခရိုင်းမီးယားဒေသကို ရုရှားက ယူကရိန်းဆီကနေ ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။

//
More News
Up