A d v e r t i s e m e n t With Us

အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူလေး၏ကိုယ်ဝန် ဖျက်ချရန် ကြိုးစားမှုဖြင့် တာဝန်ရှိသူများအား ဖမ်းဆီး

ဓာတ်ပုံ - NDTV
အတန်းဖော် ကျောင်းသား ၄ ဦးရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် အိန္ဒိယကျောင်းသူလေးမှာ ကိုယ်ဝန်ရခဲ့ပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချဖို့ ကြိုးစားခဲ့ကြတဲ့ ကျောင်းတာဝန်ရှိသူတွေနဲ့ တရားခံတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီဟရာဒန်မြို့က ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်တခုမှာ သြဂုတ် ၁၄ ရက်နေ့က ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အသက် ၁၇ နှစ်အရွယ် တရားခံ ကျောင်းသား ၄ ဦးဟာ အဲဒီနေ့က ကျောင်းရဲ့ အခမ်းအနားတခုအတွက် ပြင်ဆင်ဖို့ လုပ်နေကြရင်း မိန်းကလေးကို ဆွဲဆောင်ပြီး စတိုခန်းထဲ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ မိန်းကလေးဟာ ဒီအကြောင်းကို ကျောင်းတာဝန်ရှိသူ ဝန်ထမ်းတဦးကို တိုင်ကြားခဲ့ပေမယ့် တရားဝင် အရေးယူတာမျိုး မလုပ်ပေးခဲ့ဘဲ နှုတ်ပိတ်နေဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကိုယ်ဝန်ရှိလာချိန်မှာတော့ မိန်းကလေးကို ဆေးတွေတိုက်ပြီး ကိုယ်ဝန်ကို ဖျက်ချစေဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘော်ဒါဆောင်က တာဝန်ရှိသူ ဒါရိုက်တာ၊ ကျောင်းအုပ်၊ စီမံခန့်ခွဲရေး အရာရှိနဲ့ ဇနီး၊ အဆောင်မှူးနဲ့ ပြစ်မှုကျူးလွန်ခဲ့သူ ကျောင်းသား ၄ ဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မိန်းကလေးဟာ အဲဒီကျောင်းမှာ ညီမဖြစ်သူနဲ့အတူ တက်ရောက်နေတာဖြစ်ပြီး သူ့ရဲ့ မိဘတွေဟာ ကျောင်းကို တခါတလေမှသာ ရောက်လာတတ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒီအမှုအပေါ် အိန္ဒိယ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး ကျောင်းမှာနေထိုင်တဲ့ ကလေးတွေရဲ့ လုံခြုံစိတ်ချရမှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up