ညောင်ဦးတွင် လေပြင်းတိုက်သဖြင့် နေအိမ် ၁၈ လုံး ပျက်စီး
DVB
·
September 19, 2018
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကြအိုကျွန်းကျေးရွာမှာ မနေ့ညနေ ၆ နာကျော်လောက်က မိုးသက်လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၁၈ လုံး ပျက်စီးခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။
ကြအိုကျွန်းကျေးရွာ တာဝန်ခံ ကိုမိုးသူက “ညနေ ၆ နာရီ ကျော်လောက်က မိုးတွေ မှောင်မည်းပြီးသည်းလာတာ၊ အိမ်ထဲဘုရားတနေရတယ်။ လေတိုက်သံတွေ ကြားနေရပြီး သစ်ပင်တွေ ကျိုးသံတွေကြားလို့ မီးကြိုးတွေပြတ်ပြီး ရွာသားတွေ အန္တရာယ်ဖြစ်မှာစိုးလို့ အိမ်အပြင်မထွက်ကြဖို့ အသံချဲ့စက်နဲ့ အော်ခဲ့ရတယ်။”လို့ ပြောပါတယ်။
မိုးသည်းထန် လေပြင်းတိုက်ခတ်လို့ အဲဒီကျေးရွာက နေအိမ်(၃)လုံး သစ်ပင်ပိပျက်စီးပြီး နေအိမ် ၁၅ လုံး အမိုးလန်ကုန်ပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်၂၄ သိန်းခွဲလောက်ရှိပြီး လူနဲ့ တိရိစ္ဆာန် ထိခိုက်မှုမရှိဘူးလို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဝင်းက ပြောပါတယ်။
လေဘေးသင့် ဒေသကို စဥ့်ကူးနယ်မြေရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စဥ့်ကူးနဲ့ ညောင်ဦးက မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။
ကိုလင်း(ချောက်)