Home
မြန်မာသတင်း
ဟုမ္မလင်းနယ်၌ အိမ်သာတွင်းထဲကျသွားသည့် ဖုန်းကိုဆယ်ယူရာက လူ ၄ ဦး သေဆုံး
DVB
·
September 19, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းနယ်၊ ဆန်ကျိန်းရွာမှာ စက်တင်ဘာ ၁၈ ရက် ည ၈ နာရီကျော်က  အမျိုးသမီးတဦး အိမ်သာတက်ရင်း ဖုန်းပြုတ်ကျရာက အိမ်သာတွင်းထဲ ဆင်းဆယ်ယူတဲ့ အမျိုးသား ၄ဦး သေဆုံးသွားတယ်လို့ ခန္တီးခရိုင် ရဲတပ်ဖွဲ့ ရဲအုပ် မျိုးမင်းသိန်းက ပြောပါတယ်။ “ကောင်မလေးက အိမ်သာတက်ရင်း ဖုန်းပြုတ်ကျလို့ သူ့ရဲ့ အစ်ကို ဆန်းဝင်းက ပုဆိုးနဲ့ တွင်းထဲဆင်းတာ ပြန်တက်မလာတော့ဘူး။ အဲ့ဒီမှာ တစ်ယောက်က ထပ်ဆင်းတယ်၊ ပြန်မတက်နိုင်ဘူး။ နှစ်ယောက်ပြန်မတက်တော့ အမျိုးသမီးက အော်ဟစ် အကူအညီ တောင်းတော့ နှစ်ယောက်ထပ်ဆင်းတယ်။ အဲ့ဒီလေးယောက်လုံး သေမှုဖြစ်သွားတယ်"လို့ ရဲအုပ် မျိုးမင်းသိန်းက ပြောပါတယ်။ သေဆုံးသွားသူတွေကတော့ ဟုမ္မလင်းနယ်၊ ထမံသီဒေသ ဆန်ကျိန်းရွာနေ ဆန်းဝင်း၊ နိုင်ဆွေ၊ ရန်နိုင်လင်းနဲ့ မြင့်ဇော်တို့ ဖြစ်ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရဲအုပ် မျိုးမင်းသိန်းက" မစင်တွင်းဆိုတော့ ကာဗွန်များပြီး အသက်ရှူမရပဲ သေတာလို့ ယူဆရတယ်။ လတ်တလောတော့ ဆေးရုံမှာ ဆေးစစ်ချက်ရဖို့ အလောင်းတွေကို ပို့ထားတယ်"လို့ ပြောပါတယ်။ သေဆုံးသူတွေကိုတော့ ဟုမ္မလင်းမြို့မ ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။ သတင်း- မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024