တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲ ဒုတိယမြောက်နေ့ ကျင်းပ

ဓာတ်ပုံ - Pyeongyang Press Corps/AFP/Getty Images
657
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယားခေါင်းဆောင် မွန်းဂျဲအင်းတို့ဟာ ထိပ်သီးဆွေးနွေးပွဲ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းမှာ စတင်နေပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေဟာ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက စတင်နေတာပါ။
အဲဒီဆွေးနွေးပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲဟာ ဒေသတွင်း တည်ငြိမ်မှုကို တိုးတက်စေခဲ့ပြီး နောက်ထပ် တိုးတက်စေမယ့် မျှော်လင့်ချက်တွေ ရှိလာစေတယ်လို့ ကင်က ပြောထားပါတယ်။
ဆွေးနွေးပွဲပြီးတဲ့အခါ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ပူးတွဲကြေညာချက်တရပ် လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။
ဒီဆွေးနွေးပွဲရလဒ်ဟာ အမေရိကန်သမ္မတနဲ့ နောက်ထပ်တကြိမ်တွေ့ဆုံဖို့ အဆိုပြုထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်အတွက် မှတ်ကျောက်အဖြစ် သုံးသပ်ခံနေရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ မွန်းနဲ့ ဧပြီလတုန်းက ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို လုပ်ဆောင်မယ်လို့ ကတိကဝတ် ပြုထားပါတယ်။