Home
မြန်မာသတင်း
တပ်မတော်ခေါင်းဆောင်များကို ဖယ်ရှားအစားထိုးရန် ကုလလူ့အခွင့်အရေးမစ်ရှင် တိုက်တွန်း
DVB
·
September 19, 2018
မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် လက်ရှိ တပ်မတော်ခေါင်းဆောင်တွေကို ဖယ်ရှားအစားထိုးခန့်အပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အချက်အလက်ရှာ မစ်ရှင်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ စက်တင်ဘာ ၁၈ ရက်က ဆွစ်ဇာလန်နိုင်ငံ  ဂျနီဗာမမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စာမျက်နှာ ၄၄၀ ကျော်ပါ အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်း လိုက်တာပါ။ တပ်မတော်ဟာ ဥပဒေရဲ့အထက်မှာရှိနေသရွေ့ ငြိမ်းချမ်းရေးမရနိုင်ဘူး၊ တပ်မတော်ကို  အရပ်သားအုပ်ချုပ်မှုအောက်မှာ အပြည့်အ၀ထားရမယ်လို့လည်း မစ်ရှင်အဖွဲ့ ခေါင်းဆောင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာမစ်ရှင်အဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရူစမန်းက ပြောပါတယ်။ “မြန်မာပြည်ကို ခေတ်မီ ဒီမိုကရက်တစ် နိုင်ငံတနိုင်ငံဖြစ်လာရေး လမ်းကြောင်းမှာ အဓိက အကြီးမားဆုံး အဟန့်အတားပေးနေတာက တပ်မတော်ပါ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ အခုလက်ရှိ ခေါင်းဆောင်ပိုင်းအားလုံးကို ဖယ်ရှားပြီး အစားထိုးဖို့ လိုတယ်။ ပြီးပြည့်စုံတဲ့ ပြည်လည်ဖွဲ့စည်းမှုကိုလုပ်ပြီး တပ်မတော်ကို အရပ်သားအုပ်ချုပ်မှု အောက်မှာ အပြည့်အ၀ထားရမယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီလမ်းစဉ်က ဒီအချက်အပေါ် မူတည်နေတယ်။” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် တပ်မတော်ထိပ်တန်းအရာရှိတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားတွေအပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ အိုင်စီစီတရားရုံးမှာ တရားစွဲဖို့လည်း ထပ်မံတိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ နိုင်ငံတကာ ရာဇ၀တ်ဆိုင်ရာတရားရုံး (အိုင်စီစီ) ရှေ့နေချုပ် အနေနဲ့ ရိုဟင်ဂျာတွေအပေါ် အစုလိုက် အပြုံလိုက် အဓမ္မမောင်းထုတ်ခဲ့မှုစွဲချက်အတွက် အချက်အလက်တွေကို စတင် စုံစမ်းတော့မယ်လို့  အိုင်စီစီ ရှေ့နေချုပ် ဖာတိုဘန်ဆိုဒါကလည်း ပြောကြားလိုက်ပါတယ်။ အဖွဲ့ဝင် သုံးဦးပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာမစ်ရှင်အဖွဲ့ ဟာ လူပေါင်း ၈၇၅ ဦးကို နိုင်ငံ ၅ နိုင်ငံမှာ လူတွေ့မေးမြန်းခဲ့ပြီးရရှိတဲ့ အချက်အလက်တွေကို အခြေခံကာ ဒီအစီရင်ခံစာကို ပြုစုရေးသားထုတ်ပြန်လိုက်တာပါ။ အင်ဒင်းရွာအဖြစ်အပျက်ကို သီးခြားလွတ်လွတ်လပ်လပ်စုံးစမ်းနိုင်ခဲ့ပြီး ရိုက်တာ သတင်းရဲ့ ထုတ်ပြန်ချက်နဲ့ ကိုက်ညီတဲ့အကြောင်း အတည်ပြုနိုင်ခဲ့တယ်၊ ဒီသတင်းရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြစ်ဒဏ်ချမှတ်တာ နဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်တယ်လို့ လူ့အခွင့်အရေး မစ်ရှင်အဖွဲ့က ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ဒီအစီရင်ခံဟာ တဖက်သတ်ရေးသားထားတဲ့ အစီရင်ခံစာဖြစ်သလို မှားယွင်းမှု၊ ဘက်လိုက်မှုတွေရှိ နေတယ်ဆိုပြီး   လူ့အခွင့်ရေးကောင်စီမှာ ကန့်ကွက် ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အချက်အလက်ရှာမစ်ရှင်အဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပါဝင်ပတ်သက်မှုမရှိကြောင်းနဲ့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း လက်မခံတဲ့အကြောင်း မြန်မာအစိုးရက သဘောထား ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024