Home
မြန်မာသတင်း
ဥပဒေဆိုတာ ဖိနှိပ်ချုပ်ချယ်ရန်မဟုတ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော
ပိုင်စိုး
·
September 18, 2018
ဥပဒေဆိုတာ ဖိနှိပ်ချုပ်ချယ်ဖို့မဟုတ်ဘဲ လူတန်းစား ဆင်းရဲချမ်းသာမရွေး နိုင်ငံသား အားလုံးကို တန်းတူ အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အထူးလိုအပ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ ၉ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးနောက်ဆုံးနေ့ အမှာစကားမှာ ပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က “ပြည်သူလူထုခံစားနေရတဲ့ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေကို မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေအဖြစ် ပြောင်းလဲပြီး လွှတ်တော် လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ပြည်သူလူထုကို အကာအကွယ် မပေးနိုင်တဲ့ ဥပဒေတွေ ဖြစ်နေရင် ဒီမိုကရေစီ ယဉ်ကျေးမှုလမ်းကြောင်းကနေ သွေဖယ်သွားစေနိုင်တယ်ဆို တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုးတွေကို ရှောင်ရှားပြီး ဥပဒေဆိုတာ ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘဲ လူမျိုးမရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ ကျား/ မ ခွဲခြားမှုမရှိ၊ လူတန်းစားခွဲခြားမှု မရှိဘဲ နိုင်ငံသား အားလုံးကို တန်းတူ အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အထူးလိုအပ်ပါတယ်” လို့ ပြောပါတယ်။ ဒီတကြိမ်အစည်းအဝေးမှာ ကျင်းပရက် ၁၉ ရက်ရှိပြီး ဥပဒေကြမ်း ၂၈ ခုကို ဆွေးနွေးပြီး ၁၀ ခုကို အတည်ပြုနိုင်ခဲ့ပြီး  ကြယ်ပွင့်ပြမေးခွန်း ၁၂၃ ခု မေးမြန်း ဖြေကြားတာ၊ ကြယ်ပွင့်မပြမေးခွန်း ၂၁၄ ခု ဖြေကြားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အဆို ၁၁ ခု တင်သွင်းရာမှာ ၆ ခုကို အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ ပြယုဂ်တွေဖြစ်လို့ သွားသတိ၊ လာသတိနဲ့ နေထိုင်ကြဖို့၊ ပြည်သူတွေနဲ့ ဆက်ဆံရာမှာလည်း ဆင်ခြင်တုံတရားနဲ့ ပြောဆိုဆက်ဆံကြဖို့ ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်တွေကို မှာကြားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024