တောင်ကိုရီးယားသမ္မတကို မြောက်ကိုရီးယားခေါင်းဆောင် ကြိုဆိုနှုတ်ဆက်

ဓာတ်ပုံ - Reuters
မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းကို ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြုံယမ်း ဆူနန် နိုင်ငံတကာ လေဆိပ်မှာ စက်တင်ဘာ ၁၈ ရက်က ကြိုဆိုနှုတ်ဆက်ပါတယ်။ မွန်းဟာ ကင်နဲ့ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယားကို ရောက်လာတာပါ။ မြောက်ကိုရီးယားနဲ့ အမေရိကန်အစိုးရတို့ကြား နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး သေချာစေဖို့ ကြိုးစားမှာလည်း ဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးညီလာခံဟာ ကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ နောက်တကြိမ်တွေ့ဆုံဖို့ စမ်းသပ်ချက်လည်း ဖြစ်လာနိုင်တယ်လို့ အနောက်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ကင်ဟာ ဇွန်လက ထိပ်သီးဆွေးနွေးပွဲအတွင်း ပေးထားတဲ့ ကတိဖြစ်တဲ့ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေးနဲ့ ပတ်သက်ပြီး အလေးအနက်ထားသလား ဆိုတဲ့ သဲလွန်စကို စောင့်ကြည့်နေကြပါတယ်။ ထရမ့်ဟာ အရင်လက သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ပြုံယမ်းသွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာပါ။ အဲဒီနောက် မွန်းကို သူနဲ့ ကင်ကြားက ညှိနှိုင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ မွန်းရဲ့ လက်ထောက်တွေက ပြောပါတယ်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြောင်း ကြေညာပေးဖို့ဆိုတဲ့ မြောက်ကိုရီးယား အစိုးရရဲ့ အဓိကပန်းတိုင်ကို သဘောတူမပေးခင် မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက် ဖြုတ်သိမ်းတဲ့ တိကျခိုင်မာတဲ့ လက္ခဏာတွေကို အမေရိကန်အစိုးရက မြင်ချင်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up