မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရသပါ ၃ ဦးကို ရုံးထုတ်
Aung Aung Naing
·
September 17, 2018
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အဆိုတော် ရသ (ရဲမင်းသိန်း) ပါ (၃) ဦးကို စက်တင်ဘာလ ၁၇ ရက်က မန္တလေးခရိုင် တရားရုံးမှာ ရုံးထုတ်ပြီး ရှေ့နေပါဝါတင်ခဲ့ပါတယ်။
ဒီနေ့တော့ဘာမှမစစ်ဖြစ်ဘူး တရားခံဘက်က ရှေ့နေပါဝါတင်တာပါ။ အောက်တိုဘာလ ၁ရက်နေ့မှပဲ စစ်ဆေးတာတွေလုပ်မယ်လို့ မန္တလေးခရိုင်တရားရုံး တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၁၄ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် နန်းထိုက်ပန် ဧည့်ရိပ်မွန်ကို သတင်းအရဝင်ရောက် ရှာဖွေရာက ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နဲ့ ခေမီ(ခ) ဗာတားမီးတို့ (၃) ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ(၃) ဦးကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ-၁၉ (က) နဲ့ ဖမ်းဆီးတရားစွဲထားပါတယ်။