Home
မြန်မာသတင်း
အခြေခံပညာ နှစ်ဝက်စာမေးပွဲများ စာသင်ချိန် တချိန်စာသာ စစ်ဆေးရန်ညွန်ကြား
ပိုင်စိုး
·
September 17, 2018
အခြေခံပညာကျောင်းတွေမှာ နှစ်ဝက်ဆုံးစာမေးပွဲစစ်ဆေးတာကို တရက်မှာ တဘာသာနှုန်းနဲ့ စာသင်ချိန်တချိန်စာပဲ စစ်ဆေးကြဖို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားလိုက်ပါတယ်။ ဒါဟာ ကျောင်းသားတွေအတွက် စာမေးပွဲလျှော့ချချင်တာကြောင့် ဖြစ်တယ်လို့ အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးတယောက်က ပြောပါတယ်။ “ဒါက စာစစ်ဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာနတို့ ညှိနှိုင်းလုပ်ကိုင်တာ ဖြစ်ပါတယ်။ ကလေးတွေကို စာမေးပွဲလျှော့ချချင်တာကြောင့်ဆိုပြီး စာဖြေချိန်ကို လျှော့တာပါ။ တကယ်လို့ ကလေးတွေကို လေ့ကျင့်ချင်တယ် ဆိုချင်ရင်တော့ ကျောင်းရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်လို့ ရပါတယ်” လို့ ပြောပါတယ်။ အခုနှစ်ဝက်ဆုံးစာမေးပွဲမှာ ဇွန်လကနေ စက်တင်ဘာလအထိ သင်ခဲ့တဲ့ သင်ခန်းစာတွေ စစ်ဆေးရမှာဖြစ်ပြီး ကျောင်းတွေအားလုံး တပြေးညီဖြစ်စေဖို့ တနေ့မှာ တဘာသာကို စာသင်ချိန် တချိန်စာပဲ စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးက “တကယ်လို့ ဒီစာမေးပွဲတွေရဲ့ရလဒ်တွေက ၄ တန်းနဲ့ ၈ တန်းအတွက် Year End Test (နှစ်ဆုံးစာမေးပွဲ) မှာ အကျုံးဝင်လာမယ်ဆိုရင်တော့ အခု ညွှန်ကြားထားတဲ့အတိုင်း တချိန်စာ ဖြေတဲ့အမှတ်တွေကပဲ အကျုံးဝင်မှာပါ” ပြောပါတယ်။ အခြေခံပညာကျောင်းတွေမှာ အခန်းဆုံး စာမေးပွဲကို ဇူလိုင်နဲ့ ဒီဇင်ဘာလတွေမှာ စစ်ဆေးပြီး နှစ်ဝက်ဆုံးစာမေးပွဲကို အောက်တိုဘာလ၊ နှစ်ဆုံးစာမေးပွဲကို ဒီဇင်ဘာလတို့မှာ စစ်ဆေးနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024