ဧရာဝတီတိုင်းအတွင်းရှိ မြို့ဝင်ဘီးခွန်ကောက်ခံသည့် ဂိတ်အားလုံး ဖျက်သိမ်းမည်
DVB
·
September 17, 2018
ဧရာဝတီတိုင်းထဲက မြို့အ၀င်ဂိတ်တွေအားလုံးမှာ ကောက်ခံနေတဲ့ မြို့ဝင်ဘီးခွန်ကို စက်တင်ဘာလကုန်ကစတင်ပြီး ဖျက်သိမ်းတော့မယ်လို့ သိရပါတယ်။
ယာဉ်တွေ အသုံးပြုသွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ မြို့ဝင်ကြေးကောက်ခံနေတဲ့ ဂိတ်တွေ မကြာခဏပြဿနာဖြစ်ပွားနေတာကြောင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ သက်ဆိုင်တဲ့ ဌာနတွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ခရီးသွားပြည်သူတွေ စိတ်အေးချမ်းစွာ ခရီးသွားလာနိုင်ဖို့ အခုလိုဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာလို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
“ပေးဆောင်ရမယ့် ဘီးခွန်တွေကိုတော့ ကညနမှာ ယာဉ်လိုင်စင်အသစ်လုပ်တာနဲ့ လိုင်စင်သက်တမ်းတိုးတဲ့အချိန်တွေမှာ စည်ပင်သာယာရေးအဖွဲ့ကို ဘီးခွန်အဖြစ် တခါတည်း ပေးဆောင်ထားရမှာဖြစ်တာကြောင့် ဌာနရဲ့အလုပ်တွေလည်း လျော့ပါးသွားမှာဖြစ်ပြီး အခွန်လည်း ပြည့်ပြည့်ဝဝရရှိသွားဖို့ အခုလိုဖျက်သိမ်းတာ။”
ပုသိမ်မြို့က အငှားယာဉ်မောင်း ဦးဆန်းညွန့်က“အမှန်တော့ ဒီဂိတ်တွေက အစောကြီးကတည်းက မရှိသင့်ဘူး၊ တို့ကားတွေက နိုင်ငံခြားကလာတဲ့ ကားတွေမှမဟုတ်တာ၊ ပြည်တွင်းမှာပဲ တရားဝင်လိုင်စင်ဆောင်ထား ပြီးသားကားတွေလေ။ လမ်းကြေး၊ တံတားကြေး ဆိုတာကမှ ကြားလို့ကောင်းသေးတယ်၊ မြို့ဝင်ကြေးဆိုတာ ကြားလည်းမကောင်းဘူး။ အဲ့တော့ ဒီလိုဖျက်လိုက်တာပဲ ကောင်းပါတယ်။ ဒီမှာတင်မဟုတ်ဘူး တနိုင်ငံလုံးမှာရှိတဲ့ မြို့ဝင်ကြေးဂိတ်တွေလည်း ဖျက်စေချင်ပါတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ၂၀၁၈ ဇန်နဝါရီလကလည်း မြို့ပြင် အဝေးပြေးလမ်းမပေါ် တက်ရောက်ပြီး မြို့ဝင်ကြေး ကောက်ခံနေတဲ့ ရေကြည်ဂိတ်နဲ့ ငါးသိုင်းချောင်းဂိတ်တို့ကို ပိတ်သိမ်းခဲ့ပါတယ်။
ရန်ကုန်-ပုသိမ် အဝေးပြေးကားလမ်းမပေါ်မှာ ရှိနေတဲ့ လမ်းကြေးကောက်ခံနေတဲ့ ဂိတ်တွေ အားလုံးကို ဖျက်သိမ်းဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
မြမင်းဦး(ပုသိမ်)