အာရှယူ-၁၆ အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာအသင်း မလေးရှားနှင့် ပွဲဦးထွက်ယှဉ်ပြိုင်မည်

ဓာတ်ပုံ - MFF
အေအက်ဖ်စီ ယူ-၁၆ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပထမအဆင့် ခြေစစ်ပွဲမှာ မြန်မာအသင်းဟာ မလေးရှားအသင်းနဲ့ စက်တင်ဘာ ၁၉ ရက်နေ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လာမယ့် ၂ဝ၁၉ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာရှ ယူ-၁၆ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပထမအဆင့် ခြေစစ်ပွဲတွေ ကျင်းပနေတာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု အီးမှာ နီပေါ၊ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့ တအုပ်စုတည်း ကျရောက်နေတာပါ။ အုပ်စု အီး ပွဲစဉ်တွေကို နီပေါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ မလေးရှားအသင်း၊ ၂၁ ရက်နေ့မှာ အိမ်ရှင် နီပေါအသင်းနဲ့ ၂၃ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းတွေနဲ့ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပထမအဆင့် ခြေစစ်ပွဲစဉ်တွေကို အုပ်စု ခြောက်ခုခွဲ ယှဉ်ပြိုင်နေတာဖြစ်ပြီး အုပ်စု တခုစီက ထိပ်ဆုံး ၆ သင်းနဲ့ အကောင်းဆုံး အုပ်စု ဒုတိယ ၂ သင်း၊ စုစုပေါင်း ၈ သင်း နောက်တဆင့်အဖြစ် ဒုတိယအဆင့် ခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ခြေစစ်ပွဲကို လေးသင်းနှစ်အုပ်စုခွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စု တခုစီက ထိပ်ဆုံးနှစ်သင်းစီ နောက်ဆုံးအဆင့် ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစစ်ပွဲဝင်စရာမလိုဘဲ နောက်ဆုံးအဆင့်ကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်း ၄ သင်းကတော့ အိမ်ရှင် ထိုင်းအသင်း၊ လက်ရှိချန်ပီယံ မြောက်ကိုရီးယားအသင်း၊ ဒုတိယဆုရှင် တောင်ကိုရီးယားနဲ့ တတိယဆုရှင် ဂျပန်အသင်းတို့ ဖြစ်ကြပါတယ်။ ယူ-၁၆ မြန်မာအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲယှဉ်ပြိုင်ဖို့ ဒီနေ့မနက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နီပေါနိုင်ငံကို ထွက်ခွာသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up