ဗြိတိန် ဆိုင်တခုတွင် လူ ၂ ဦး စားသောက်ရင်း သတိလစ်လဲကျ၊ ရဲအစောင့်ချထား

ဓာတ်ပုံ - Solent News & Photo Agency
893
ဗြိတိန်နိုင်ငံ ဆာလစ်ဘာရီမြို့က စားသောက်ဆိုင်တခုမှာ စားသောက်နေရင်း လူ ၂ ဦး သတိလစ်လဲကျခဲ့တဲ့အတွက် အဲဒီဆိုင်နဲ့ အနီးဝန်းကျင်က လမ်းတွေကို စက်တင်ဘာ ၁၆ ရက်နေ့က ရဲအစောင့်ချ ပိတ်ဆို့ထားလိုက်ပါတယ်။
သတိလစ်လဲကျခဲ့တဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ အမှန်တကယ် ဘာဖြစ်ခဲ့သလဲဆိုတာ ကျန်းမာရေးအရ စစ်ဆေးဖို့ ရဲကို အကြောင်းကြားခဲ့တယ်လို့ ဒေသန္တရ ရဲက ကြေညာချက်ထဲမှာ ပြောပါတယ်။
အဲဒီမြို့ဟာ ပြီးခဲ့တဲ့မတ်လက ရုရှားသူလျှိုဟောင်း ဆာဂီဆက်ခရီပေါလ်နဲ့ သမီးဖြစ်သူ အဆိပ်ခတ်ခံရဖူးတဲ့မြို့ ဖြစ်ပါတယ်။
ဆက်ခရီပေါလ် သားအဖကိုတော့ တခြား အီတလီစားသောက်ဆိုင်တဆိုင်ကို သွားအပြီးမှာ မူးမေ့ သတိလစ်နေတာကို တွေ့ခဲ့ကြတာပါ။
ရဲကတော့ အာရုံကြောအဆိပ်ကို သူတို့ရဲ့ အိမ်ရှေ့တံခါးမှာ ထားထားတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
ဆက်ခရီပေါလ် သားအဖကတော့ အသက်မသေဘဲ ပြန်လည်ကောင်းမွန်လာပါတယ်။
အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့တဲ့ တခြားအမျိုးသမီးတဦးကတော့ အာရုံကြောအဆိပ်ပါတဲ့ ရေမွှေးပုလင်းကို တွေ့အပြီး နေမကောင်းဖြစ်ရာကနေ ဇူလိုင်လထဲက သေဆုံးခဲ့ပါတယ်။
ဆက်ခရီပေါလ်သားအဖကို တိုက်ခိုက်ဖို့ ရုရှားအရာရှိတွေက စစ်တပ်သုံး နိုဗီချော့ခ် အာရုံကြောအဆိပ် သုံးခဲ့တယ်လို့ ဗြိတိန်က စွပ်စွဲထားပါတယ်။ ရုရှားအစိုးရကတော့ ပတ်သက်မှုအားလုံးကို ငြင်းဆန်ထားပါတယ်။