A d v e r t i s e m e n t With Us

တရုတ် အီလက်ထရောနစ် ရောင်းဝယ်မှုလုပ်ငန်းက အင်ဒိုနီးရှားတွင် ဝန်ထမ်းမဲ့ဆိုင် ဖွင့်

ဓာတ်ပုံ - Getty Images
တရုတ်ရဲ့ ဦးဆောင် အီလက်ထရောနစ် ရောင်းဝယ်မှု လုပ်ငန်းဖြစ်တဲ့ JD.com ဟာ ဂျကာတာမြို့မှာ ဝန်ထမ်းမဲ့ဆိုင်ဖွင့်ပြီး အင်ဒိုနီးရှားနိုင်ငံသားတွေအတွက် ဈေဝယ်အတွေ့အကြုံသစ်ကို မိတ်ဆက်လိုက်ပါတယ်။ JD.ID X-Mart လို့ခေါ်တဲ့ ဒီဆိုင်ကို သြဂုတ်လမှာ ဖွင့်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားမှာ ပထမဆုံး ရောင်းချတဲ့ ၀န်ထမ်းမဲ့ဆိုင်လည်း ဖြစ်ပါတယ်။ အသိဉာဏ်တုနည်းပညာကိုသုံးတဲ့ ဒီဆိုင်ဟာ ဂျကာတာမြို့က အထင်ကရ ကုန်တိုက်ထဲမှာရှိပြီး ဖက်ရှင်နဲ့ အဝတ်အစားကအစ၊ အလှကုန်နဲ့ တခြား လူသုံးကုန်ပစ္စည်းမျိုးစုံ ရောင်းချနေတာပါ။ ဆိုင်ဝင်ပေါက်မှာ တပ်ထားတဲ့ ရေဒီယိုကြိမ်နှုန်း နည်းပညာသုံး ကင်မရာတွေဟာ ဈေးဝယ်သူ ဝင်လာတာနဲ့ မျက်နှာကို ရုပ်လုံးပေါ်အောင် ရိုက်ကူးပြီး ဆိုင်ထဲက ဘယ်လိုပစ္စည်းတွေနဲ့ လိုက်ဖက်တယ်ဆိုတာကို အကြံပြုပါတယ်။ ဒါ့ပြင် ကုမ္ပဏီဟာ ဒီကင်မရာတွေက ရိုက်ထားတဲ့ ဈေးဝယ်သူရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီး အသေးစိတ်စာရင်းသွင်းကာ ထုတ်ကုန်တွေကို ညွှန်းပေးပါတယ်။ “ဂျကာတာရော အင်ဒိုနီးရှားတဝှမ်းမှာပါ သမားရိုးကျဈေးဆိုင်တွေ သိပ်များပါတယ်။ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အမြဲတမ်း အသစ်အဆန်းကို ရှာတယ်လို့ ကျမတွေးမိတယ်။ ဒီတော့ ကျမတို့ဘက်ကလည်း သုံးစွဲသူတွေ သစ်ဆန်းတဲ့ အတွေ့အကြုံရအောင် လုပ်ပေးရင်းနဲ့ လက်လီနယ်ပယ်မှာ ဘာတွေလိုအပ်လဲ ဆိုတာကိုလည်း သိလာရပါတယ်။ ဒါ့ကြောင့် တိုးတက်တဲ့ အင်ဒိုနီးရှားဆိုတဲ့ ကျမတို့ရဲ့ ဆောင်ပုဒ်နဲ့အညီ အီလက်ထရောနစ် ရောင်းဝယ်မှုရော၊ ဝန်ထမ်းမထားတဲ့ ဆိုင်တွေပါ လုပ်ရတာပါ” လို့ JD.ID ရဲ့ စီမံကိန်းမန်နေဂျာ အိဗ်ထန်က ပြောပါတယ်။ ဒါပေမယ့် ဒီလို နည်းပညာတွေမှာ အားနည်းချက်ရှိတာကိုလည်း ထောက်ပြမှုတွေ ရှိနေပါတယ်။ “စိန်ခေါ်မှုက ဒါက နည်းပညာသစ်ဖြစ်တော့ ဒါကိုသုံးဖို့ ယုံကြည်မှုရှိဖို့လိုတယ်။ မျက်နှာကိုမှတ်တမ်းတင်၊ ဘယ်သူဖြစ်ကြောင်းဖော်ပြတဲ့ နည်းပညာအရ အတွေ့အကြုံဆိုးတွေကိုလည်း အရင်တုန်းက ကျနော်တို့ ကြုံဖူးကြပါတယ်။ ဒါက ခင်ဗျားကို မှတ်ထားသလောက် ၁၀၀ ရာခိုင်နှုန်းရလဒ်ကို အမြဲပြန်မပေးနိုင်ပါဘူး" လို့ နည်းပညာရှင်  အန်ဒါနာဆူရှင်က ပြောပါတယ်။ JD ဟာ အင်ဒိုနီးရှားမှာ အင်တာနက်အွန်လိုင်းကနေ ဈေးရောင်းချတာကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့ပြီး နိုင်ငံတဝှမ်း ဖောက်သည် သန်း ၂၀ ကို ဝန်ဆောင်မှုပေးပြီး ဖြစ်ပါတယ်။ ဒါ့ပြင် ကုမ္ပဏီဟာ အနည်းဆုံး ဂိုထောင် ၃ လုံးကို ဒီနှစ်အတွင်း ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up