ရုရှားအစိုးရကို ဆန့်ကျင်ဆန္ဒပြသူ အဆိပ်သင့်၊ မျက်စိကွယ်ပြီး စကားမပြောနိုင်တော့ဟုဆို

ရုရှားအစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့အုပ်စု ပူစိရွိုက်ထ်က တက်ကြွလှုပ်ရှားသူ ပျာတာ ဗာဇီလာ့ဗ်ဟာ ရုရှားမြို့တော် မော်စကိုမှာ သံသယဖြစ်စရာ အဆိပ်သင့်ခဲ့အပြီး အထူးဆေးကုသမှု ခံယူဖို့ ဂျာမနီမြို့တော် ဘာလင်ကို လေယာဉ်နဲ့ထွက်သွားပါတယ်။ သူဟာ အင်္ဂါနေ့က တရားရုံး ကြားနာပွဲအပြီး နေမကောင်းဖြစ်ခဲ့လို့ အသည်းအသန် အခြေအနေနဲ့ဆေးရုံကို ခေါ်သွားခံရတယ်လို့ ဘီဘီစီ သတင်းဌာနက စက်တင်ဘာ ၁၆ ရက်မှာ အစီရင်ခံထားပါတယ်။ သူခံစားရတဲ့ လက္ခဏာတွေထဲမှာ မျက်စိကွယ်ပြီး စကားမပြောနိုင်တော့တာလည်း ပါတယ်လို့ ဆိုပါတယ်။ ဗာဇီလာ့ဗ်ဟာ ဒီနှစ်အစောပိုင်းက ကမ္ဘာ့ဖလား နောက်ဆုံးပွဲမှာ ပါဝင်ဆန္ဒပြခဲ့လို့ လူသိများခဲ့ပါတယ်။ Cinema for Peace ဖောင်ဒေးရှင်းက သူ့အတွက် ဂျာမနီခရီးစဉ်ကို စီစဉ်ပေးခဲ့တာပါ။ သူ့ဇနီးဟောင်းနဲ့ ပူစိရွိုက်ထ် အဖွဲ့ဝင် နာဒီယာတိုလိုကွန်နီကိုဗာက သူ့ကို လေဆိပ်မှာ ကြိုဆိုခဲ့တယ်လို့ဆိုပါတယ်။ “သူ့ အသက်ဘေး စိုးရိမ်ရတယ်။ အဆိပ်ခတ် ခံရတယ် ထင်တယ်” လို့ သူ့အဖွဲ့က တရားဝင် တွစ်တာ အကောင့်ကနေ ပြောပါတယ်။ အသက် ၃ဝ အရွယ် ဗာဇီလာ့ဗ်ဟာ ရုရှားနိုင်ငံရဲ့ ပြစ်ဒဏ်ပေးရေး စနစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာရုံစိုက်တဲ့ အွန်လိုင်းသတင်းဌာနကို တည်ထောင် ထုတ်ဝေသူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up