ဇင်ဘာဘွေတွင် ဝမ်းရောဂါကြောင့် သေဆုံးသူ ၂ဝ ထိရှိ၊ အရေးပေါ်ခြေအနေ ကြေညာ

ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရဲမှာ ဝမ်းရောဂါကြောင့် လူ ၂ဝ အထိ သေဆုံးခဲ့ပြီးနောက် အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ ဝမ်းရောဂါကူးစက်မှု ၂ ထောင်အထိ ရှိနေတယ်လို့ ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီး မိုယိုက အတည်ပြုထားသလို နိုင်ငံတဝှမ်း ဝမ်းရောဂါပြန့်ပွားမှုကိုလည်း သတိပေးထားပါတယ်။ ဝမ်းရောဂါမပြန့်ပွားအောင်လုပ်ဖို့ အရေးပေါ်အခြေအနေ ကြေညာတာဖြစ်ပြီး မြန်မြန်ပပျောက်အောင် လုပ်သွားမယ်လို့ ဝန်ကြီးကပြောပါတယ်။ အညစ်အကြေး စွန့်ပစ်စနစ်မကောင်းတာ၊ ရေဆိုးစနစ် ယိုယွင်းတာတွေကြောင့် ဝမ်းရောဂါပိုးပါတဲ့ ရေတွေ မြို့တော် ရေအရင်းအမြစ်တွေထဲရောက်ပြီး ရောဂါပြန့်ပွားတာလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ တချိန်တည်းမှာပဲ ဇင်ဘာဘွေ ရဲတပ်ဖွဲ့ဟာ ဝမ်းရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ လူထုစုဝေးမှုတွေကို တားမြစ်လိုက်ပါတယ်။ အစိုးရရဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး နောက်တရက်မှာ ရဲတပ်ဖွဲ့က အခုလို ကြေညာလိုက်တာပါ။ ဝမ်းရောဂါမပြန့်အောင် ကူညီတဲ့အနေနဲ့ အခုလို တားမြစ်တာဖြစ်ပေမယ့် တားမြစ်မှု ဘယ်လောက်ကြာမယ်ဆိုတာကို ရဲတပ်ဖွဲ့က တိတိကျကျ မပြောထားပါဘူး။ ၂ဝဝ၈ ခုနှစ်တုန်းကလည်း ဇင်ဘာဘွေနိုင်ငံမှာ ဝမ်းရောဂါကူးစက်မှု ဖြစ်ပွားခဲ့တာကြောင့် လူ လေးထောင်ကျော် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up