ဟွန်ဒူးရပ်စ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲများ ပဋိပက္ခဖြစ်

ဟွန်ဒူးရပ်စ်နိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အဓိကရုန်း နှိမ်နင်းရေး ရဲတွေဟာ မြို့တော် တေဂူစီဂယ်ပါမှာ ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ တဖက်နဲ့တဖက် ကျောက်ခဲတွေ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ကြတာပါ။ သမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒဲ့ဇ်ကို ဆန့်ကျင်ဆန္ဒပြဖို့ ဆန္ဒပြသူတွေက လမ်းတွေပေါ် ထွက်လာခဲ့ကြရင်း အကြမ်းဖက်တဲ့အဆင့်ထိ ရောက်ခဲ့တာပါ။ မနှစ်က သမ္မတရွေးကောက်ပွဲမှာ မဲလိမ်ခဲ့တယ်လို့ အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဝေဖန်သူတွေက ဟာနန်ဒဲ့ဇ်နဲ့ သူ့ကို ထောက်ခံသူတွေကို စွပ်စွဲခဲ့ပါတယ်။ နိုဝင်ဘာ ၂၆ ရွေးကောက်ပွဲရဲ့ ကနဦး မဲရလဒ်တွေမှာ ဟာနန်ဒဲ့ဇ်က နောက်ကောက်ကျနေတာပါ။ ရွေးကောက်ပွဲ ကော်မရှင်က မဲရေတွက်မှုကို ဟန့်တားအပြီး ပြန်စချိန်မှာတော့ အံ့အားသင့်စရာ ကောင်းလောက်အောင် ဟာနန်ဒဲ့ဇ်က အနိုင်ရခဲ့ပါတယ်။ လွတ်လပ်ရေးနေ့ ဆန္ဒပြပွဲမှာ သမ္မတဟောင်း မန်နူယယ် ဇေလာယာက ဆန္ဒပြသူတွေကို ဦးဆောင်ခဲ့ပါတယ်။ သူ့ကို ၂ဝဝ၉ ခုနှစ်က စစ်တပ်က အာဏာသိမ်းဖယ်ရှားခဲ့တာပါ။ သူဟာ ဟာနန်ဒဲ့ဇ် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို မကြာခဏ ဦးဆောင်ခဲ့ပါတယ်။ ဆင်းရဲတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံကနေ အမေရိကန်နိုင်ငံဆီ ရွှေ့ပြောင်းနေထိုင်သူတွေ ကာလကြာရှည် ပြောင်းရွှေ့ခဲ့ကြလို့ နိုင်ငံရေး အကြပ်အတည်းဆိုက်တဲ့အထိ ဖြစ်လာနေတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up