Home
မြန်မာသတင်း
အဆောက်အဦနှင့်မြေငှားရမ်းခ အဆမတန်နည်းနေ၊ ကျပ်သန်း ၇ သောင်းခန့် အစိုးရ နစ်နာ
ပိုင်စိုး
·
September 16, 2018
ရန်ကုန်တိုင်းအစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို အဆောက်အဦနဲ့ မြေ ငှားရမ်းခတွေဟာ ကာလပေါက်ဈေးထက် အဆမတန်နည်းနေတာကြောင့် နိုင်ငံတော်က ကျပ်သန်း ၇ သောင်းလောက် နစ်နာနေတယ်လို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက စက်တင်ဘာ ၁၄ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့တာပါ။ သမဝါယမဌာန၊ စည်ပင်၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ရဲ့ ငှားရမ်းလုပ်ကိုင်နေတာတွေကနေ လုပ်ငန်းရှင်နဲ့ ငှားရမ်းသူတွေက အကျိုးအမြတ် အများအပြားရနေတာပါ။ သမဝါယမဌာနက ပြည်သူပိုင်အခန်းတွေ ငှားရမ်းထားတာကို စိစစ်ရာမှာ ကာလ ပေါက်ဈေးနဲ့ ယှဉ်မယ်ဆိုရင် တလကို ကျပ် ၄၄၅ သိန်းကျော်၊ တနှစ်ကို ကျပ်သိန်းပေါင်း ၅,၃၄ဝ ကျော် နစ်နာနေတာပါ။ သမဝါယမဦးဌာန၊ ရန်ကုန်တိုင်းရုံးချုပ်က စီမံခန့်ခွဲနေတဲ့ အခန်းပေါင်း ၁၁၆ ခန်းရှိပြီး သော့ပိတ်ထားတာ ၆၉ ခန်း၊ အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ထားတာ ၁၃ ခန်း၊ အသုံးပြုနေတာက ၃၄ ခန်းပဲ ရှိတာပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့လည်း ပြည်သူ့ဥယျာဉ်ထဲက မြေ ၇၆ ဧကကျော်ကို Nature World ကုမ္ပဏီကို ငှားရမ်းထားရာမှာ အခုအချိန်မှာ ၁ စတုရန်းပေကို ၃၂ ကျပ်နှုန်းနဲ့ တနှစ်ကို ၁,၂၇၇ သန်းကျော်ပဲ ရတယ်လို့ ဆိုပါတယ်။ ဒီနေရာကို ၂ဝ၁၁ ခုနှစ်ကစလို့ သိန်း ၂၄ဝ နဲ့ ၂၅ နှစ်အတွက် ငှားရမ်းခဲ့တာဖြစ်ပြီး စငှားတုန်းက တနှစ်ကို ၁ဝ ရာခိုင်နှုန်းတိုးမြှင့်ဖို့ သတ်မှတ်ချက်ထားခဲ့တာပါ။ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှာတော့ ငှားရမ်းခကို ကျပ်သိန်း ၂,၅ဝဝ အထိ တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ မြကျွန်းသာ အပန်းဖြေဥယျာဉ်မှာလည်း မြေ ၄၂ ဧကကျော်ကို တင်ဒါမခေါ်ပဲ တဧကကို ကျပ် ၁ဝ သိန်းနှုန်းနဲ့ ကုမ္ပဏီ ၈ ခုကို ငှားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံမြေ ၁ဝ ဧကလောက်ကို ဖူးပွင့်စံကုမ္ပဏီကို ငှားရာမှာလည်း တနှစ်ကို သိန်း ၃ဝဝ ပဲရှိတယ်လို့ဆိုပါတယ်။ ကန်တော်ကြီး ကရဝိတ်ဥယျာဉ်ကမ္ဘာကို နှစ် ၃ဝ ငှားရမ်းထားရမှာတော့ လက်ရှိမှာ တစတုရန်းပေကို ၄၇ ကျပ်ကျော်ရနေပြီး ခေတ်ကာလပေါက်ဈေးထက် နည်းနေတုန်းဖြစ်ပါတယ်။ ကန်တော်ကြီး၊ ကန်တော်မင်ပန်းခြံနဲ့ မြိုင်ဟေဝန်ပန်းခြံတို့က စားသောက်ဆိုင်ကြီးတွေကို ဆိုင်အကျယ်အဝန်းမတူပေမယ့် တဆိုင်ကို ၁ဝ သိန်းနဲ့ပဲ ငှားထားတာကြောင့် တနှစ်မှာ သန်း ၂,ဝဝဝ ကျော် နစ်နာနေတယ်လို့ တွက်ချက်ပြထားပါတယ်။ ပြီးတော့ စည်ပင်နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကမာရွတ် ကျွန်းတောလမ်း Time City စီမံကိန်းကနေ ဌာနကရမယ့် အကျိုးအမြတ်တွေကို တလမှာ တစတုရန်းပေ ၁၁၂ ကျပ်ကျော်နဲ့ပဲ ငှားထားလို့ လစဉ် ကျပ်သန်း ၃ဝဝ ကျော်၊ မင်္ဂလာတောင်ညွန့်မြို့နယ်က ကန်သာယာတာဝါမှာ ဌာနကရမယ့် အကျိုးအမြတ်တွေကို တလမှာ တစတုရန်းပေ ၅၇ ကျပ်ကျော်နဲ့ပဲ ငှားထားလို့ လစဉ် ကျပ်သန်း ၇ဝဝ ကျော်နစ်နာနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်တထောင်မြို့နယ်က 45th Street Complex မှာ ဌာနက အကျိုးအမြတ် ၃၉ ဒသမ ၇၂ ရာခိုင်နှုန်းနဲ့ ကျပ်သန်း ၂,ဝဝဝ ပဲ ယူခဲ့တာကြောင့် နိုင်ငံတော်က ကျပ်သန်းပေါင်း ၉,၂၇၂ ကျော်နစ်နာခဲ့ပါတယ်။ အဲဒီမြို့နယ်က Golen Land Tower မှာလည်း လက်မှတ်ထိုးကြေး (Signature Bonus) ကျပ်သန်းပေါင်း ၁၅,ဝဝဝ ပေးရမှာ ဖြစ်ပေမယ့် ကျပ်သန်းပေါင်း ၂,၇၅ဝ ပဲပေးထားသလို မြေအသုံးချမှု ပရီမီယံကြေး တနှစ်မှာ ကျပ်သန်းပေါင်း ၂,၆၇၂ ကျော် မပေးသေးဘူးလို့ ဆိုပါတယ်။ ဗဟန်းမြို့နယ် ကန်တော်ကြီးစောင်းမြေ ၂ ဧကလောက်ကိုငှားရာမှာ တစတုရန်းပေကို တလ ၂ဝ၆ ကျပ်နှုန်းနဲ့ ငှားထားလို့ တနှစ်မှာ သန်း ၇ဝဝ ကျော်၊ ဒိုဘီလိုင်းနေရာမြေ ၁၅ ဧကကိုငှားရာမှာ တစတုရန်းပေကို တလ ၁၃ ကျပ်နှုန်းနဲ့ ငှားထားလို့ တနှစ်မှာ သန်း ၃၈၆၈ ကျော် နစ်နာနေတယ်လို့လည်း အစီရင်ခံထားပါတယ်။ စီးတီးအက်ဖ်အမ် မြို့တော် အသံလွှင့်လုပ်ငန်းကို ရွှေနေခြည်ဝန်ဆောင်မှုကုမ္ပဏီနဲ့ နှစ် ၃ဝ အကျိုးတူပူးပေါင်းပြီး ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကုမ္ပဏီက သိန်း ၁,၇ဝဝ ကျော်ရခဲ့ပြီး စည်ပင်က သိန်း ၄၂ဝ ကျော်ရခဲ့ပေမယ့် ဝန်ထမ်းစရိတ် သိန်း ၃၇ဝ ကျော် ပြန်သုံးခဲ့ရတာကလည်း ဌာနအကျိုးထက် ကုမ္ပဏီအကျိုးအမြတ်အတွက် ဆောင်ရွက်နေတာဖြစ်လို့ ပြန်သုံးသပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း ခရီးသည်တင် ဆိုက်ရောက်နေရာအတွက် ဌာနကလုပ်နိုင်ပေမယ့် ပုဂ္ဂလိက ကုမ္ပဏီတခုနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေပြီး စံနှုန်းအရ တရက်မှာ ငွေ ၄ သိန်း ဝင်ပေမယ့် တကယ်တမ်းမှာ ကျပ် ၈၈,ဝဝဝ ကျော်ပဲ ရတာကြောင့် ကုမ္ပဏီကို အခွင့်အလမ်းပိုပေးထားတာတွေ့ရတယ်လို့ အစီရင်ခံထားပါတယ်။ ဒါ့အပြင် ကမ်းနားလမ်းက စုပေါင်းရုံးကို တနှစ်မှာ ကျပ်သန်း ၄ဝဝ နဲ့ ငှားရမ်းထားပြီး ၂ဝ၁၇ ခုနှစ် အောက်တိုဘာမှာ ငွေပေးသွင်းရမှာ ဖြစ်ပေမယ့် အခုထိမပေးဘူးလို့ ဆိုပါတယ်။ နောက်ထပ် ငွေကျပ်သိန်းသောင်းချီ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေဟာ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးပေမယ့် ဒဏ်ကြေးမပေးဆောင်တာတွေ ရှိနေတယ်လို့လည်း စာရင်းစစ်ချုပ်က အစီရင်ခံထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024