A d v e r t i s e m e n t With Us

အာစင်ဝင်းဂါး ထွက်ခွာသွားမှု အသင်းကိုဆုတ်ယုတ်မှုဖြစ်စေဟု ဆဂ်ညာပြော

အာစင်ဝင်းဂါး အာဆင်နယ်အသင်းကနေ ထွက်ခွာသွားရမှုဟာ အင်္ဂလိပ်ဘောလုံးလောကအတွက် ရှက်စရာကိစ္စတခုဖြစ်ပြီး အသင်းကိုလည်း ဆုတ်ယုတ်မှု ဖြစ်စေတယ်လို့ နောက်ခံလူဟောင်း ဘာကာရီ ဆဂ်ညာက ပြောပါတယ်။ Foot Mercato နဲ့ အင်တာဗျူးအစီအစဉ်တခုမှာ အသက် ၃၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဟောင်းက အခုလိုပြောဆိုခဲ့တာပါ။ ပြင်သစ်လူမျိုး နည်းပြကြီး အာစင်ဝင်းဂါးဟာ လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး မကြာသေးခင်က အနားယူခဲ့သူဖြစ်ပါတယ်။ ဝင်းဂါးဟာ အာဆင်နယ်နည်းပြ နောက်ဆုံးနှစ်တွေမှာ ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ လက်ရှိမေဂျာလိဂ်ကလပ် မွန်ထရီရယ် အင်းပတ်အသင်းမှာ ကစားနေတဲ့ ဆဂ်ညာက “ပရိသတ်တွေ သူ့(ဝင်းဂါး)အပေါ်ကို ဆက်ဆံနေတဲ့ ပုံကို ကြည့်ရင် သူ အာဆင်နယ်နည်းပြအဖြစ် ဆက်မရှိသင့်တော့ဘူးဆိုတာကို တွေ့နိုင်ပါတယ်။ ဒါဟာ ရှက်ဖို့ကောင်းတဲ့ ကိစ္စတခုပါ။ ခေတ်သစ် အာဆင်နယ်အသင်းကို ပျိုးထောင်ခဲ့တဲ့ ဝင်းဂါး ဒီလိုမျိုး အသင်းက ထွက်ခွာသွားရတာဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဘယ်သူမှတော့ အမြဲတမ်းအကောင်းဆုံး မဖြစ်နိုင်ပါဘူး။ သူအာဆင်နယ်အသင်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေ၊ လူငယ်ကစားသမားတွေ (အထူးသဖြင့်အင်္ဂလိပ်) ကစားသမားတွကို မြှင်တင်ပေးခဲ့တာတွေကို လူတွေက မေ့ပြီး နိုင်ငံခြားကစားသမားတွေကို ပိုမိုအသုံးပြုတာကို ဝေဖန်နေကြတာ တွေ့ရပါတယ်။ ပြင်သစ်လူမျိုးနည်းပြတယောက်အနေနဲ့ သူဟာ အင်္ဂလိပ်ဘောလုံး လောကကို အဆင့်တခုအထိ မြှင့်တင်ပေးခဲ့သူပါ” လို့ ပြောပါတယ်။ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြသက်တမ်း နောက်ပိုင်းနှစ်တွေမှာ အာရွန်ရမ်ဆေး၊ ချိန်ဘာလိန်၊ ဂျန်ကင်ဆန်၊ ဝီလ်ရှိုင်းယားနဲ့ ကီရန်ဂစ်တို့လို ဗြိတိန်ကစားသမားတွေဟာ တောက်ပလာမယ့် ကစားသမားတွေအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အာစင်ဝင်းဂါး အသင်းကထွက်ခွာပြီး လက်ရှိအူနိုင်းအမ်မရီလက်ထက်မှာတော့ ရမ်ဆေးတဦးသာ အသင်းမှာ ကျန်ရစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up