A d v e r t i s e m e n t With Us

သတင်းမှန်သိခွင့်ရရေးနှင့်သတင်းထောက်များ လွတ်မြောက်ရေး ဆန္ဒပြပွဲ ခွင့်ပြုချက်မရ

တပ်မတော်ကို ထောက်ခံဆန္ဒပြခဲ့တဲ့ ရန်ကုန်မြို့လယ်နေရာမှာ ပြည်သူလူထု သတင်းမှန်သိခွင့်ရရေးနဲ့ ဖမ်းဆီးခံသတင်းထောက်တွေ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ကို ရဲစခန်းက ခွင့်မပြုခဲ့ဘူးလို့ အကြောင်းကြားခဲ့သူတွေက ပြောပါတယ်။ ပြည်သူတွေ သတင်းမှန် သိခွင့်ရရေးနဲ့ ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ဒဏ် ချမှတ်ခံရတာ အတွက် လာမယ့် စက်တင်ဘာ ၁၆ ရက်မှာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ဖို့ အတွက် လမ်းကြောင်း ၂ ခုကို သက်ဆိုင်ရာ ရဲစခန်းတွေကို အကြောင်းကြားခဲ့တာပါ။ ဦးဆောင်လျှောက်ထားသူတယောက်ဖြစ်တဲ့ ကိုဇင်မင်းဖြိုးက “ကျနော်အကြောင်းကြားတဲ့ လမ်းကြောင်းက သခင်မြပန်းခြံကနေ ဆူးလေကိုပါ။ စက်တင်ဘာ ၁၁ ရက်က စာပို့ပါတယ်။ အလုံမြို့နယ်ရဲစခန်းကို အဓိက အကြောင်းကြားရပြီး လမ်းမှာရှိတဲ့ မြို့နယ် ၄ ခုကို မိတ္တူပေးရပါတယ်။ ခွင့်မပြုပါဘူးလို့ အကြောင်းပြန်ပါတယ်။ ကိုသာလွန်ဇောင်းထက်ကလည်း ဗိုလ်စိန်မှန်ကွင်းကနေ ဆူးလေကိုတင်တာလည်း ခွင်မပြုပါဘူး” လို့ ပြောပါတယ်။ ရဲစခန်းတွေက အကြောင်းပြန်တဲ့စာမှာ အများပြည်သူ ခရီးသွားလာမှုကို အနှောင့်အယှက် ဖြစ်စေတာ၊ စိတ်ငြိုငြင်စေတာ၊ အန္တရာယ်ဖြစ်စေတာ ဒါမှမဟုတ် ထိခိုက် နစ်နာစေတာတွေ ဖြစ်လာနိုင်တဲ့အတွက် တာမွေဟစ်တိုင်ကွင်းကို ပြောင်းလဲလျှောက်ထားဖို့ ဖော်ပြထားပါတယ်။ ပြီးတော့ လျှောက်ထားတဲ့ မြို့နယ်တွေဟာ ရန်ကုန်တိုင်းမှာ ဆန္ဒဖော်ထုတ်တာ မလုပ်ဖို့ ကန့်သတ်ထားတဲ့ နေရာတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါကြောင့် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့နဲ့အထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြဖို့ စက်တင်ဘာ ၁၄ ရက်မှာ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးကို အကြောင်းကြားခဲ့ပေမယ့် ထပ်ပြီး ငြင်းပယ်လိုက်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ စစ်မှုထမ်းဟောင်းတွေစုပေါင်းပြီး တပ်မတော်ကို ထောက်ခံ ဆန္ဒပြခဲ့ကြတာပါ။ ကိုဇင်မင်းဖြိုးက “အကြောင်းအရာတခုကို လူထုက စဉ်းစားဆုံးဖြတ်ဖို့ဆိုရင် အချက် အလက်တွေ ရဖို့လိုတယ်။ အဓိကကတော့ သတင်းမီဒီယာတွေက ရတယ်။ ဒါဟာ ပြည်သူ လူထုရဲ့ စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ကို ထိန်းချုပ်နေတာလို့ မြင်တယ်။ ပြီးတော့ ရိုက်တာ သတင်းထောက်တွေကို ပြစ်ဒဏ်ချလိုက်တဲ့ အဖြစ်အပျက်ထက် ဒါရဲ့ နောက်ဆက်တွဲ ဖြစ်မယ့် အဖြစ်အပျက်တွေကို စိုးရိမ်တယ်။ ဒါဟာ စံနမူနာတခု ဖြစ်လာမှာကို စိုးရိမ်တယ်” လို့ ပြောပါတယ်။ ဒီနေ့မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် ဘာမှ မထူးခြားလာဘူးလို့လည်း သူက ပြောပါတယ်။ သတင်းထောက်တွေကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေက စိုးရိမ်ကြောင်း ပြောဆိုကြပြီး သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေ ကြတာပါ။ ဓာတ်ပုံ -Hline Thint Zin Wai

A d v e r t i s e m e n t With Us

More News
Up