မန်ယူနှင့်စပါးတို့၏ပစ်မှတ် ဘရိုဇိုဗစ် အင်တာနှင့် သက်တမ်းတိုး

ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တမ်ဟမ်စပါးတို့က စိတ်ဝင်စားနေတဲ့ ခရိုအေးရှား ကွင်းလယ်ကစားသမား မာဆယ်လို ဘရိုဇိုဗစ်ကို အင်တာမီလန်အသင်းက စာချုပ်သက်တမ်းတိုးမြှင့်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို အီတလီသတင်းစာ II Corriere dello Sprort က ဖော်ပြခဲ့တာဖြစ်ပြီး ဘရိုဇိုဗစ်ဟာ ၂၀၂၀ မှာ ကုန်ဆုံးမယ့် သူ့စာချုပ်ကို ၂၀၂၂ ခုနှစ်အထိ တိုးမြှင့်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့တဲ့အတွက် ကစားသမားအနေနဲ့ ၁ နှစ်ကို ယူရိုသန်းဝက် တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။
ဒါ့ကြောင့် သူ့ခံစားခွင့်ဟာ အရင်က ၁ နှစ်ကို ယူရို ၂ ဒသမ ၅ သန်း ရရှိနေရာကနေ စာချုပ်သစ်ကြောင့် ၁ နှစ်ကို ယူရို ၃ သန်း ရရှိတော့မှာလည်း ဖြစ်ပါတယ်။
မာဆယ်လိုဘရိုဇိုဗစ်ဟာ ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားမှာ အောင်မြင်ခဲ့တဲ့ ခရိုးအေးရှားအသင်းရဲ့ အဓိကကစားသမားတဦးဖြစ်ပြီး အသင်းနဲ့အတူ တောက်ပခဲ့တဲ့ သူ့ခြေစွမ်းကြောင့် ဥရောပအင်အားကြီးအသင်းတွေရဲ့ မျက်စိကျစရာ ဖြစ်လာခဲ့တာပါ။
ဘရိုဇိုဗစ်မတိုင်ခင် အင်တာမီလန်အသင်းဟာ အီကာဒီနဲ့ စကင်နီယာတို့ကိုလည်း စာချုပ်သက်တမ်း တိုးခဲ့ပါသေးတယ်။
ဒါဟာ ချန်ပီယံလိဂ်ကို ပြန်လည်ပါဝင်ခွင့်ရခဲ့ပြီး စီးရီးအေဖလားအတွက် ဂျူဗင်တပ်အသင်းကို အလဲထိုးဖို့ ပြင်ဆင်နေတဲ့ အင်တာမီလန်အသင်းက သူတို့ရဲ့ အဓိက ကစားသမားတွေကို အသင်းကြီးတွေလက်ကနေ ရှောင်လွဲနိုင်မယ့် အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒိုင်နမိုဇာဂရက်အသင်းကနေ အင်တာမီလန်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မီလန်အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၁၁၀ ပါဝင်ကစားပေးထားပါတယ်။