A d v e r t i s e m e n t With Us

သဘာဝလွန်စွမ်းအားရှင်များကို ဖိတ်ခေါ်ဆုပေးနေသည့် ဂျာမနီနိုင်ငံက ပညာရှင်အဖွဲ့

သင့်ဆီမှာ သူများတွေနဲ့မတူတဲ့ သဘာဝလွန်အစွမ်းတစ်မျိုးရှိနေတယ်လို့ ယူဆထားပါသလား။ ဂျာမနီက သိပ္ပံပညာရှင်အဖွဲ့တခုကို ဆက်သွယ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဖြစ်က သဘာဝလွန်စွမ်းအား ပိုင်ဆိုင်ထားသူတွေကို စိစစ်ရွေးချယ်ပြီး ဆုငွေတွေ ချီးမြှင့်ပေးနေလို့ပဲဖြစ်ပါတယ်။ Society for the Scientific Investigation of Para Sciences (GWUP) လို့ ခေါ်တဲ့ ဒီအဖွဲ့ဟာ ဂျာမနီနိုင်ငံ ဝုဖ်ဘာ့ဂ်ျတက္ကသိုလ်မှာ အခြေစိုက်ပြီး သဘာဝလွန်စွမ်းအင်ရှိတဲ့သူတွေကို ရှာဖွေနေပါတယ်။ ဒီအဖွဲ့မှာ ဂျာမနီနိုင်ငံက ရူပဗေဒ၊ ဇီဝဗေဒနဲ့ စိတ်ပညာဆိုင်ရာ ပညာရှင်တွေပါဝင်နေပြီး သူတို့ဟာ သဘာဝလွန်အစွမ်းသတ္တိရှိသူတွေကို ယူရို ၁၀၀၀၀ (ဒေါ်လာ ၁၁၇၀၀) ပေးဖို့ စောင့်ဆိုင်းနေပါတယ်။ သူတို့အဖွဲ့ဟာ သူများနဲ့မတူ တမူထူးခြားတဲ့သူတွေရဲ့ ဘဝကို ဒီအတိုင်းအဆုံးမသတ်သွားစေဖို့ ရည်ရွယ်ပြီး ဒီအစီအစဉ်ကို စတင်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ချီးမြှင့်မယ့် ငွေကို လိုချင်တယ်ဆိုရင်တော့ သင့်မှာရှိတဲ့ အရည်အချင်းတွေကို သူတို့သတ်မှတ်ထားတဲ့ အခြေအနေတခုမှာ ချပြရမှာဖြစ်ပါတယ်။ “ကျနော်တို့ ဒီအစီအစဉ်ကို လုပ်ရတဲ့ရည်ရွယ်ချက်က လူတွေကို အရှက်ခွဲဖို့ မဟုတ်ပါဘူး၊ သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားတဲ့ ပြောဆိုချက်တွေဟာ အဓိပ္ပာယ်မရှိတဲ့ အရာတွေမဟုတ်ဘူးဆိုတာ သက်သေပြနိုင်ဖို့ သက်သက်ပါပဲ” လို့ ဒီအဖွဲ့မှာ ပါဝင်တဲ့ ပညာရှင်တဦးဖြစ်သူ ရီနာ ဝုဖ်က ပြောပါတယ်။ ရီနာဟာ သဘာဝလွန်စွမ်းအားရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို စစ်ဆေးမှုပြုလုပ်နေသူတဦးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရီနာတို့ရဲ့ စစ်ဆေးမှုတွေကို လာရောက်ယှဉ်ပြိုင်သူ အယောက် ၆၀ လောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့သတ်မှတ်ထားတဲ့ ဆုကြေးငွေကို ဆွတ်ခူးနိုင်သူတော့ မပေါ်ပေါက်သေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up