အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းစဉ်အတွက် ကန်ဒေါ်လာ ၃ သန်း လျာထား
ကျော်ဇေယျာဝင်း
·
September 15, 2018
လာမယ့် ဘဏ္ဍာနှစ် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်မှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ ၃ သန်းလျာထားတယ်လို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။
ရန်ကုန်မြို့၊ ရွှေလီလမ်းမှာရှိတဲ့ NRPC ရုံးမှာ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ သုံးရက်ကြာပြုလုပ်တဲ့ JMC-U ရဲ့ ၁၈ ကြိမ်မြောက်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
အခုအစည်းအဝေးက လျာထားတဲ့ ဒေါ်လာ ၃ သန်းအထဲကမှ ဒေါ်လာ ၁ သန်းကို ဒေသခံအရပ်သားစောင့်ကြည့်သူ LCM တွေအတွက် အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။
‘‘လာမယ့်နှစ်မှာ အစီအစဉ်သစ်တခုအနေနဲ့ကတော့ LCM ကိစ္စပေါ့နော်။ အဲဒါကိုတော့ ကျနော်တို့ အာရုံစိုက်လုပ်ဖို့တော့ စီစဉ်ထားပါတယ်။ LCM တွေ အစစအရာရာအတွက် ဒေါ်လာ ၁ သန်းလောက် ကုန်နိုင်မယ်လို့ တွက်ပါတယ်။ အသေးစိတ်အတွက်ကတော့ ဒီဘဏ္ဍာရေးဌာနနဲ့ Donar တွေနဲ့ ညှိနှိုင်းမှာဖြစ်ပါတယ်’’ လို့ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။
JMC အတွက် ရရှိတဲ့ဘဏ္ဍာငွေကိုတော့ နှစ်လတစ်ကြိမ် ကျင်းပတဲ့ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးတွေ၊ တစ်လတစ်ကြိမ်ကျင်းပတဲ့ ပြည်နယ်အဆင့်အစည်းအဝေးတွေ အပစ်ရပ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲ စတာတွေမှာ အသုံးပြုတယ်လို့သိရပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် NCA အခန်း (၂)၊ အပိုဒ် ၂ (ခ) အရ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee – Union Level) ကို ဖွဲ့စည်းခဲ့တာပါ။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို လက်နက်ကိုင် ပဋိပက္ခများ လျော့ကျရပ်စဲစေဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထောက်အကူပြုစေဖို့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။