ရေပေါ်ရောက်သည်နှင့် အရည်ပျော်သေဆုံးနိုင်သည့် သတ္တဝါမျိုးစိတ်သစ် ၃ မျိုးတွေ့ရှိ

ပြင်းထန်ကြမ်းထန်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်တဲ့ ရေအောက်နေ snailfish မျိုးစိတ်အသစ် ၃ မျိုးကို နယူးကာဆယ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ odditycentral သတင်းမှာ ဖော်ပြပါတယ်။ ဒီမျိုးစိတ် ၃ မျိုးဟာ တခြားရေနေသတ္တဝါတွေ ရောက်ရှိရှင်သန်ဖို့ ခက်ခဲတဲ့ ရေနက်ပိုင်းတွေမှာ ရှင်သန်တဲ့သတ္တဝါတွေဖြစ်ပြီး သူတို့ကို ရေပေါ်တင်လိုက်တာနဲ့ တပြိုင်နက် အရည်ပျော် သေဆုံးသွားနိုင်တယ်လို့လည်း သိရပါတယ်။ ဒီမျိုးစိတ် ၃ မျိုးကို ပီရူးနိုင်ငံ ကမ်းရိုးတန်းအနီးမှာတည်ရှိတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အနက်ဆုံးအစိတ်အပိုင်းတွေထဲက တခုဖြစ်တဲ့ Atacama Trench မှ လုပ်ခဲ့တဲ့ နိုင်ငံတကာ စူးစမ်းရှာဖွေရေးအစီစဉ်တစ်ခုမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီလေ့လာမှုအတွက် ပညာရှင်တွေဟာ ရေအောက်အနက် ခန့်မှန်းခြေ ၇၅၀၀ မီတာ ခန့်ကို အထူးပြုလုပ်ထားတဲ့ ကင်မရာတွေ ပို့ကာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရေအောက်အနက် မီတာ ၇၅၀၀ မှာ အပူချိန်ဟာ အေးခဲတဲ့အဆင့်ထက် ကျော်လွန်နေပြီး ဖိအားဟာလည်း လူသားတွေ အသက်ရှင်နိုင်တဲ့ အနေအထားထက်ပိုမိုများပြားနေပါတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးရှိနေပေမယ့် လေ့လာမှုမှာ သတ္တဝါမျိုးစိတ်သစ် ၃ မျိုးအပြင် တခြားသော သက်ရှိတွေကို အံ့သားသင့်ဖွယ်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒီ snailfish မျိုးစိတ်သစ်သုံးမျိုးကို ပန်းရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်ငါးတွေလို့ ယာယီနာမည်ပေးထားပြီး ဒီသတ္တဝါတွေဟာ တခြားသောငါးတွေ လာရောက် အသက်ရှင်နိုင်ခြင်းမရှိတဲ့နေရာတွေမှာ အုပ်စိုးမင်းမူနေတယ်လို့ ဒီလေ့လာမှုမှာ ပါဝင်တဲ့ နယူးကာဆယ်တက္ကသိုလ်မှ သိပ္ပံပညာရှင် သောမတ်လင်လေးကပြောပါတယ်။ ဒီမျိုးစိတ် ၃ မျိုးရဲ့ အထူးခြားဆုံးစွမ်းရည်က အလွန်ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်တာဖြစ်ပြီး သူတိုက ခန္ဓာကိုယ်မှာ အမာကြောဆုံးအရာက သွားတွေနဲ့ နားအတွင်းပိုင်းမှာရှိတဲ့ သေးငယ်တဲ့ အရိုးတွေပဲဖြစ်ပါတယ်။ သူတို့ခန္ဓာကိုယ်ဟာ ပြင်းထန်တဲ့ အခြေအနေတွေအတွက် ခံနိုင်ရည်ရှိအောင် ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိပေမယ့် ဒီအစွမ်းတွေကြောင့်ပဲ သူတို့ဟာ ရေပေါ်ရောက်လာတာနဲ့ တပြိုင်နက်တည်း အရည်ပျော်သေဆုံးသွားမှာပဲဖြစ်ပါတယ်။ “ပြင်းထန်တဲ့ဖိအားနဲ့ အအေးဓာတ်မရှိတဲ့ အချိန်ကြရင် သူတို့ဟာ ချက်ချင်းအရည်ပျော် သွားမှာပါ” လို့ လင်လေးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up