Home
မြန်မာသတင်း
ဖူးကက် ရွှေဆိုင်လုယက်သူ မြန်မာအလုပ်သမား ဖမ်းဆီးရမိ
DVB
·
August 10, 2012
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့မှာ ရွှေဆိုင်ထဲဝင်ပြီး လုယက်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးကို နယ်မြေခံရဲတွေက သြဂုတ် ၉ ရက်နေ့ မွန်းတည့်မှာ ဖမ်းဆီးရမိခဲ့ပြီလို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနမှာ  ဖော်ပြသွားပါတယ်။ အသက် ၁၉ နှစ်ရွယ်ရှိ မောင်လချမဲန်း ကူးမားရ်ကို သူငှားရမ်းနေထိုင်ရာ ဖူးကက်မြို့ ကလွန်ကျွန်းရပ်ကွက်  ၁၀ လမ်းကြားမှာ နီပေါလ်လူမျိုး ရပ်ကွက်သားတွေရဲ့ အကူအညီနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖူးကက်မြို့မရဲစခန်း ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ဆီဆပ်က် ၀ါဆီရိက ထိုင်းသတင်းဌာနကို ပြောပါတယ်။ ကျူးလွန်သူ မောင်လချမဲန်းကို ဖူးကက်ရဲစခန်းမှာ စစ်မေးရာမှာ ဒီအမှုကို တဦးတည်း ကျူးလွန်တာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက်တာ ၈ နှစ် ရှိပြီဖြစ်ပြီး လက်ရှိ အ၀တ်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြောင်း၊ အလုပ်အကိုင်မကောင်းတဲ့ အပြင်  မြန်မာနိုင်ငံပြန်ဖို့ ငွေလိုတဲ့အတွက် ပထမဆုံးအကြိမ် ကျူးလွန်ရတာဖြစ်ကြောင်း တွက်ဆိုသွားပါတယ်။ ရွှေဆိုင်လုဖို့ ၁ ရက်ကြိုပြင်ဆင်ပြီး ဆိုင်ကယ်အငှားဆိုင်မှာ ဇနီးဖြစ်သူကို ငှားရမ်းခိုင်းတာဖြစ်ကြောင်း၊ ဇနီးက သူဘာလုပ်မယ်မှန်း မသိကြောင်း၊ ရာဘာတောထဲမှာ တညလုံးပုန်းခိုနေပြီး ၁၀ ရက်နေ့ မနက် ၅ နာရီမှာ အိမ်ပြန်ခဲ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။ ရွှေဆိုင်ကနေအထွက် သူ့လက်ထဲပါသွားတဲ့ ရွှေတွေ ၁၀၄ ဘတ်ခွဲသားရှိပြီး ဆိုင်ရှေ့မှာ ဘတ် ၄၀၊ လွှင့်ပစ်ခဲ့တဲ့ ဂျာကင်အင်္ကျီအနီးမှာ ၃ ဘတ်၊ ရပ်ထားခဲ့တဲ့ ဆိုင်ကယ် အနီးမှာ ၄၆ ဘတ်၊ ဖမ်းမိစဉ်က ဘောင်းဘီအိတ် ထဲမှာ ရွှေကြိုးတကုံးပဲ ပြန်ရပြီး နောက်ထပ်  ၁၀ ဘတ်သားလောက် ပျောက်ဆုံးနေတယ်လို့ ရဲစခန်းက ပြောပါတယ်။ မောင်လခ်ျမဲန်းဟာ သြဂုတ် ၈ ရက်နေ့ ည ၇ နာရီခွဲမှာ ဖူးကက်မြို့က (ဟန့်ထောင်းထိုင်း) ရွှေဆိုင်ကို ၀င်လုခဲ့ပါတယ်။ ဆိုင်ရှင်က သေနတ်နဲ့ ပစ်ခတ်တဲ့ အတွက် ဘယ်ဘက်လက်မှာ ဒဏ်ရာရခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024