Live
Home
ဆောင်းပါး
ငါးကြီးကြီး အများကြီး ဆက်ကြော်
DVB
·
September 15, 2018
"ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုမှာ လာဘ်ငွေယူခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိတွေ၊ တရားသူကြီးနဲ့ ရဲစခန်းမှူးတို့ ၆ ဦးကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်ပါတယ်။ အောင်ရဲထွေး အသတ်ခံရမှုမှာ တရားခံ သန်းထွဋ်အောင် (ခ) သားကြီးပါ ၃ ဦးအပေါ် သြဂုတ် ၂၅ ရက်မှာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အမှုရုပ်သိမ်းခဲ့တဲ့အပေါ် ကော်မရှင်က စစ်ဆေးခဲ့ပြီး လာဘ်ငွေနဲ့ တံစိုးလက်ဆောင်ယူခဲ့တာ စစ်ဆေးပေါ်ပေါက်လို့ အမှုဖွင့် အရေးယူတာလို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။" စက်တင်ဘာ ၁၃ ရက်မှာ ဒီသတင်းတက်လာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ငါးကြီးကြီးကြော်ပြီလားဆိုတဲ့ မေးခွန်း ထွက်ပေါ်သလို သမ္မတကိုယ်တိုင် ဝင်ပါထားလို့ ဒီလိုအရေးယူလာတာပါဆိုတဲ့ ဝေဖန်သံလည်း ကြားရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းကျော်ပြည်ကျော် လူမြင်ကွင်းက လူသတ်မှုကို ပိတ်သိမ်းခဲ့တဲ့သူတွေကို အရေးယူမယ်ဆိုတဲ့ သတင်းကြားတော့ အများစုက ကျေနပ်ကြတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ သရုပ်ဆောင် အောင်ရဲထွေးအမှုကို ရုပ်သိမ်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျစိစစ်ကာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌတို့ကို တွေ့ဆုံညွှန်ကြားခဲ့ပြီး ၁ လခွဲအကြာမှာ အဂတိလိုက်စားတဲ့သူတွေကို စစ်ဆေးအရေးယူနိုင်ခဲ့တာ ဖြစ်တယ်။ လူမြင်ကွင်းလူသတ်မှုကို ပိတ်သိမ်းဖို့ တရားခံဖြစ်သူရဲ့ အဖေဖြစ်သူက ကြိုးပမ်းခဲ့ပြီး အခုအရေးယူခံရတဲ့သူ ၆ ဦးကို ကျပ်သိန်းပေါင်း ၇၀၀ ကျော် လာဘ်ထိုးခဲ့တယ်။ ဒီငွေပမာဏဟာ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိပေမယ့် ဒီထက်ကျယ်လောင်တဲ့ အသံကတော့ ဒီလိုမျိုးတွေ မြန်မာ့တရားစီရင်ရေးလောကထဲ ဘယ်လောက်တောင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီလဲ ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတော့တယ်။ အခု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးအရေးယူလိုက်တဲ့ သူတွေနဲ့ ရာထူးတွေ ကြည့်လိုက်ရင် တရားစီရင်ရေးမှာ အင်မတန်အရေးပါတဲ့ တရားသူကြီးပါတယ်၊ တရားသူကြီးတွေကို ဥပဒေအကြံပေးရတဲ့ ဥပဒေအရာရှိတွေ ပါတယ်၊ အမှုမှန်ပေါ်ပေါက်အောင် တည်ဆောက်ပေးရတဲ့ ရဲပါတယ်၊ ပြောရရင် တရားစီရင်ရေး အခန်းကဏ္ဍမှာ ဆက်စပ်ပတ်သက်နေသူ အကုန်လုံး ပါဝင်နေတာဖြစ်ပြီး ဒီအချက်က အင်မတန် စိုးရိမ်စရာကောင်းနေပြီဖြစ်တဲ့ မြန်မာ့တရားရေးလောကရဲ့ အခြေအနေကို မီးမောင်းထိုးပြနေတာပဲ ဖြစ်တယ်။ အမှုက အမှုကြီးဖြစ်ပြီး တိုင်းကျော်ပြည်ကျော် အမှုဖြစ်လို့လား မဆိုနိုင်၊ လာဘ်ထိုးဖို့ ပွဲစားလုပ်ခဲ့တဲ့ အမျိုးသမီးအဆင့်က ဒုခရိုင်ဥပဒေအရာရှိ ဖြစ်တယ်။ စစ်ဆေးဖော်ထုတ်မှုကို ဦးဆောင်ခဲ့တဲ့ ကော်မရှင်ရုံး ဒုညွှန်ကြားရေးမှူး ဦးကျော်စိုး ပြောတာက “သရုပ်ဆောင်အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှုမှာ တရားခံတွေအပေါ် စွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းခွင့်ရအောင် တရားခံတွေရဲ့ဖခင်က ပိုက်ဆံတွေပေးခဲ့တယ်။ တကယ့်တကယ်မှာတော့ သားကြီးရဲ့အဖေ ဦးခင်မောင်လေးက သက်ဆိုင်ရာရှေ့နေ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှတဆင့် ဆယ်သွယ်ပြီး ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေကို လာဘ်ငွေတွေ ပေးခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အခုလို အရေးယူလိုက်တာပါ” လို့ မီဒီယာကို ထုတ်ပြောခဲ့တယ်။ သူ့ဆီကတဆင့် တိုင်းအဆင့် ဥပဒေအရာရှိတွေဆီ လာဘ်ငွေနဲ့ တံစိုးလက်ဆောင်တွေက စီးဆင်းဝင်ရောက်သွားတယ်။ ဒါကိုကြည့်ပြီး မှန်းဆလို့ရတာကတော့ အမှုသေးတွေဆို တရားရုံးစာရေးတွေဆီကနေ လာဘ်ငွေတွေ စတင်စီးဆင်းပြီး အမှုကြီးတွေဆိုရင်တော့ အရာရှိတွေကတဆင့် လာဘ်ငွေစီးဆင်းတယ်လို့ မှန်းဆလို့ ရနေတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုအမှုနဲ့ပတ်သက်လို့ စံတော်ချိန်သတင်းစာကို ပြောတာမှာ အခုက ရဲရော ဥပဒေရော တရားရေးရော ရှေ့နေရော ပြည်သူရော အကုန်ပျက်နေတာလို့ မှတ်ချက်ပေး ပြောသွားတယ်။ ရှေ့နေလာငှားကတည်းက တရားသူကြီးပိုင်တဲ့ ရှေ့နေမှ ငှားကြပြီး အမှုနိုင်အောင် တရားသူကြီးကို လာဘ်ထိုးကြတယ်လို့လည်း ဦးကြီးမြင့်က ပြောတယ်။ မြန်မာ့တရားစီရင်ရေး လောကကြီးတခုလုံး ရစရာမရှိအောင် ပျက်စီးနေပြီလို့ ဦးကြီးမြင့်ပြောတဲ့ စကားတွေက သက်သေပြနေတယ်။ အချက်အလက် ကိန်းဂဏန်းတွေအရ ကြည့်ရင်လည်း အခုလို တွေ့နိုင်သေးတယ်။ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်တချို့ဟာ ဥပဒေနဲ့ မညီညွတ်တာ၊ ပြစ်မှုပြစ်ဒဏ် မမျှတလို့ သုံးသပ်ရတာကြောင့် ၁ နှစ်အတွင်းမှာ အယူခံမှု၊ ပြင်ဆင်မှုပေါင်း ၁၅၀၀၀ ကျော် ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ စာရင်းတွေအရ သိရတယ်။ ရှေ့နေချုပ်ရုံးရဲ့ ၂၀၁၇ ကနေ ၂၀၁၈ အထိ တနှစ်တာ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေးက ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖော်ပြခဲ့တာဖြစ်တယ်။ ဒီတနှစ်အတွင်းမှာ အယူခံမှု၊ ပြင်ဆင်မှုတွေကို ဥပဒေရုံးအဆင့်ဆင့်က တင်သွင်းခဲ့ရာမှာ အယူခံမှု ၅၃ဝ၅ မှု၊ ပြင်ဆင်မှု ၉၃၄၉ မှု၊ ရာဇဝတ်အထွေထွေမှု ၉၅၄ မှု ရှိခဲ့တယ်လို့လည်း ဆိုတယ်။ အယူခံမှု ပြင်ဆင်မှုပေါင်း ၁၅၀၀၀ ကျော်ဆိုတဲ့ အရေအတွက်ဟာ တရားရေးမဏ္ဍိုင် တိမ်းစောင်းနေပြီဆိုတာကို ပြသနေတာဖြစ်ပြီး အဲဒီနှစ်တွေအတွင်းမှာ အမှုသည်ဆီက လာဘ်စားတဲ့ တရားသူကြီးနဲ့ ရှေ့နေတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်ခဲ့တာလည်း မနည်းမနော ရှိခဲ့သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားသူကြီးနဲ့ ရှေ့နေတွေလည်း မနည်းဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေမှာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့အရ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်လှစ်ပြီး တရားစွဲဆိုခဲ့တဲ့ အမှုတွေထဲက တရားခံ ၂၈ ယောက် ထွက်ပြေးတိမ်းရှောင်နေတယ်။ အဲဒီလူတွေထဲမှာ မြို့နယ်တရားသူကြီး ၂ ယောက် အပါအဝင် တွဲဖက်မြို့နယ်တရားသူကြီး၊ ဥပဒေအရာရှိ၊ အထက်တန်းရှေ့နေနဲ့ တရားရေးပိုင်းက ၈ ယောက် ပါဝင်ပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကော်မရှင်က ထုတ်ပြန်ခဲ့ဖူးတယ်။ ဒါတောင် ကော်မရှင်အနေနဲ့ အဂတိလိုက်စားတာနဲ့ ပတ်သက်ပြီး တိုင်ကြားခံရတဲ့ အမှုတွေကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လျှို့ဝှက်ထားရတာကြောင့် ဒီလောက်ပဲ သိခွင့်ရနေတာ ဖြစ်တယ်။ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်တဲ့ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၃၀ မှာ တည်ရှိနေပြီး ဒီအချက်ကလည်း တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေတာကို တဖက်က ဖော်ပြနေတာပဲ ဖြစ်တယ်။ အခုကိုပဲ လူမြင်ကွင်း လူသတ်မှု နောက်တခုဖြစ်တဲ့ ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုဟာ ဘယ်သူတွေတရားခံဆိုတာ အရှင်းသားပေါ်ပေါက်နေလျက်သားနဲ့ မပြီးနိုင်မစီးနိုင် အမှုစစ်နေလိုက်တာ တနှစ်ခွဲကျော် ကြာလာပြီဖြစ်ပြီး ရုံးချိန်းပေါင်း ၈၀ နီးလာပြီ ဖြစ်တယ်။ ဒီအပေါ် တရားရုံးရဲ့ လုပ်ဆောင်နေမှုဟာ ဘာလဲဘယ်လဲဆိုတဲ့ ဝေဖန်သံနဲ့ စောင့်ကြည့်နေကြပြီး ဒီလောက် ရှည်ရှည်ဝေးဝေး စစ်ဆေးနေတာ သဘာဝကျရဲ့လားလို့ မေးခွန်းထုတ်ချင်တယ်။ ရိုက်တာသတင်းထောက်တွေကျ ရုံးထုတ်စစ်ဆေးပြီး ထောင်ချလိုက်တာ အင်မတန်မြန်ဆန်ပေမယ့် လူမြင်ကွင်းလူသတ်မှုက တရားခံတွေကို အခုလို အချိန်ဆွဲ စစ်ဆေးနေတာရော ဖြစ်သင့်သလားလို့ မေးခွန်းထုတ်ချင်တယ်။ သမ္မတသစ်ဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ သူ့ရဲ့ မတ်လ ၃၀ ရက် ပထမဆုံးမိန့်ခွန်းမှာ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ပြီး အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရလိမ့်မယ်လို့ ပြောခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလထဲ ကော်မရှင်နဲ့တွေ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတွေကို မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားဖို့ ပြောခဲ့တယ်။ အခု အောင်ရဲထွေးအမှု ပိတ်သိမ်းခဲ့တဲ့ကိစ္စမှာဆို သမ္မတကိုင်တိုင် ဒါကို သေချာစိစစ်စစ်ဆေးဖို့ မှာလို့ အခုလို တိုင်းအဆင့်ဥပဒေချုပ်ပါတဲ့ အဂတိလိုက်စားမှုကြီး စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ ဒီလိုအရေးယူမှုကြောင့် အချီကြီးစားဖို့ ပြင်ထားတဲ့လူတွေ အရှိန်တန့်သွားနိုင်သလို စားထား ဝါးထားသူတွေလည်း နည်းနည်းတော့ လန့်သွားမယ်ထင်တယ်။ တိုင်းပြည်ထဲ နှစ် ၃၀ ကျော်ကြာ အမြစ်တွယ်ခဲ့တဲ့ အဂတိလိုက်စားတာ အမြစ်ပြတ်ဖို့ ဆိုတာကတော့ ကော်မရှင်အနေနဲ့  မျက်နှာကြီးငယ်မရွေး ငါးကြီးကြီး ရွေးကြော်ပြဖို့ အများကြီး လိုပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024