နျူကလီးယားလက်နက်တားဆီးရေးစာချုပ် လက်မှတ်ထိုးရန် တပ်မတော်ထောက်ခံ
DVB
·
September 14, 2018
နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံတွေရဲ့ အနိုင်ကျင့်မခံရစေဖို့ နျူကလီးယား လက်နက် တားဆီးပိတ်ပင်ရေးစာချုပ်မှာ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ထိုးသင့်တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
သမ္မတက ပေးပို့ထားတဲ့ နျုကလီးယားလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်မှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စကို စက်တင်ဘာ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ဇော်ထွန်းဦးက အခုလို ထောက်ခံဆွေးနွေးခဲ့တာပါ။
"မြန်မာနိုင်ငံအပေါ်မှာ နျူကလီးယားဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတချို့က မဟုတ်မမှန် စွပ်စွဲပြောဆိုမှုတွေရှိခဲ့ပါတယ်။ အခုလို သမ္မတထံက ပေးပို့လာတဲ့ နျုကလီးယားလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးမယ်ဆိုရင် နိုင်ငံနဲ့ တပ်မတော်အပေါ် ယခင်ကာလတွေက စွပ်စွဲပြောဆိုချက်တွေအပေါ်မှာ သံသယ ကင်းရှင်းသွားမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
အခုလို လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် အနာဂတ် နျူကလီးယားဆောင်ရွက်မှု လုပ်ငန်းစဉ်တွေမှာလည်း ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် အကျိုးရှိမယ်လို့ ပြောပါတယ်။
"တပ်မတော်အနေနဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ဖို့အတွက် အဏုမြူနည်းပညာကို လူအများသေစေမယ့် လက်နက်တွေ ဖန်တီးထုတ်လုပ်ဖို့မဟုတ်ဘဲ လူအများအတွက် အကျိုးရှိစေမယ့် ဆေးပညာနယ်ပယ်၊ တက္ကသိုလ်ဓာတ်ခွဲခန်းတွေမှာ သုတေသနပြုတဲ့ သိပ္ပံပညာနယ်ပယ်၊ စွမ်းအင်ဆိုင်ရာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရေး နယ်ပယ်တွေမှာ အသုံးချနိုင်ဖို့ လိုအပ်တဲ့ လေ့လာသင်ယူမှုတွေ၊ စမ်းသပ်မှုတွေကိုလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ဒုဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဆိုပါတယ်။
ဒီစာချုပ်ဟာ အတည်ပြုပါဝင်နိုင်ငံ ၅၀ ပြည့်မှ စာချုပ်အာဏာအသက်ဝင်မှာဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ လိုအပ်တာတွေ ပြင်ဆင်ဖို့ အချိန်လုံလောက်မှုရှိတယ်လို့ ပြောပါတယ်။
ပထ၀ီအနေအထားအရ မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားမှာရှိလို့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ရင် နျူကလီးယား ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ နိုင်ငံတကာ အကူအညီယူပြီး ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကတော့ ကနဦးစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
နေဖြိုးဝင်း