Home
မြန်မာသတင်း
မြန်မာမီဒီယာအပေါ် ပရိသတ်အမြင်စကားဝိုင်း ကျင်းပ
DVB
·
September 14, 2018
မြန်မာမီဒီယာအပေါ် ပရိသတ်တွေရဲ့ အမြင်တွေ့ရှိချက်နဲ့ ပတ်သက်တဲ့ စကားဝိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ စိမ်းလန်းစိုပြေပန်းခြံမှာ စက်တင်ဘာ ၁၄ ရက်မနက်က  ကျင်းပ ပါတယ်။ ဒီစကားဝိုင်းဆွေးနွေးပွဲကနေ မြန်မာ့မီဒီယာတွေကို ပရိသတ်ရှုထောင့်မှ ရှုမြင်ခြင်း ( Myanmar's media from an audience prespective) သုတေသနစာတမ်း အစီရင်ခံစာကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ ဒီသုတေသန စာတမ်းအစီရင်ခံစာထဲမှာ International Media Support (IMS)/ မိတ်ဖက်အဖွဲ့အစည်း၊ Fojo Media Institute နဲ့ ပညာအလင်းပွင့် မြန်မာသုတေသ နဖောင်ဒေးရှင်းတို့က ၂၀၁၈ မေလအတွင်းက ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေဆီက လေ့လာ တွေ့ရှိချက်တွေကို ဖော်ပြပါတယ်။ စကားဝိုင်းဆွေးနွေးပွဲမစခင် ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်းက အစီအစဉ်ဖွံ့ဖြိုးရေး အကြံပေးအရာရှိ အယ်မလီယာလေးမန်း ဂျက်ကော့ဆန်က သုတေသနစာတမ်း တွေ့ရှိချက်တွေကို ရှင်းပြပြီး ပုဂ္ဂလိကသတင်းစာနဲ့ နိုင်ငံပိုင်သတင်းစာတွေ အပေါ်မှာ ပြည်သူလူထုတွေရဲ့ ယုံကြည်မှုကွဲပြားနေပုံတွေကို ရှင်းပြပါတယ်။ နိုင်ငံပိုင်သတင်းစာတွေအပေါ်မှာ အစိုးရထုတ်ပြန်ချက်၊ တက္ကသိုလ်ဝင်ခွင့်၊ ဝန်ထမ်းခေါ်စာ၊ ဝန်ထမ်းလစာတိုး ဥပဒေကြမ်းထုတ်ပြန်ချက်နဲ့ ဥပဒေအတည်ပြုချက်တွေပဲ ယုံကြည်ရပြီး သတင်းပိုင်းတွေကတော့ သံသယရှိဖို့ကောင်းတယ်ဆိုတဲ့ သုတေသနတွေ ရရှိထားတယ်လို့ ဆွေးနွေးသွားပါတယ်။ သုတေသနစာတမ်း အစီရင်ခံစာထဲမှာ နေရာအနှံ့က ကဏ္ဍအစုံကို အုပ်စုဖွဲ့ ဆွေးနွေးတဲ့ ပုံစံတွေနဲ့ သတင်းအချက်အလက်တွေကို ဒေသအတွင်းမှာရှိတဲ့ သတင်းထောက်တွေ ကိုယ်တိုင်က တင်ပြခွင့်ရှိနေတာကိုတွေ့ရတဲ့ အတွက် ကြောင့် ယုံကြည်စိတ်ချရတယ်လို့ ရန်ကုန် / မန္တလေး / ရခိုင်ပြည်နယ် နဲ့ ကချင်ပြည်နယ်က ပြည်သူတွေရဲ့အသံတွေကိုးကားပြီး ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ ဒီဗွီဘီ သတင်းဌာနမှ ဦးတိုးဇော်လတ်က “သတင်းထောက်တွေဟာ သတင်းဌာနဟာ ချစ်ခြင်း မုန်းခြင်းနဲ့ သတင်းထုတ်တာ မဟုတ်ဘဲ ဖြစ်စဉ်ကို ချဉ်းကပ်ပြီး နှစ်ဘက်အသံတွေနဲ့ စုံအောင်လုပ်ပြီး သတင်းတွေထုတ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှုကိုရခဲ့တာ” လို့ စကားဝိုင်းမှာ ဆွေးနွေးသွားပါတယ်။ မြန်မာသတင်းပညာသိပ္ပံက သင်တန်းမှူး ဦးစိန်ဝင်းကတော့ သတင်းမီဒီယာ သမားတွေဟာ အရင်ကထက် ပိုပြီး စိန်ခေါ်မှုတွေက ပိုပြင်းထန်လာတယ်လို့လည်း စကားဝိုင်းမှာ ဆွေးနွေးသွားပါတယ်။ သတင်းတွေအပေါ်မှာ အမျိုးသမီးနဲ့ အမျိုးသားတွေက လေ့လာပုံ ရွေးချယ်ကြည့်ရှုပုံတွေ မတူတာတွေကိုလည်း ဖော်ပြထားပြီး အမျိုးသားတွေဟာ နိုင်ငံရေး စီးပွားရေး အားကစား သတင်းတွေနဲ့ မိုးလေဝသသတင်းတွေကို ဦးစားပေးကြည့်ကြပြီး အမျိုးသမီးတွေဟာ လူသုံးကုန်ဈေးနှုန်းသတင်း၊ ကျန်းမာရေး၊ ပညာရေးနဲ့ မိုးလေဝသသတင်းတွေကို ဦးစားပေးကြည့်ကြတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာမီဒီယာအပေါ် ပရိသတ်တွေရဲ့အမြင် စကားဝိုင်းဆွေးပွဲကို ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဒေါ်လွတ်လပ်စိုး၊  ဒီဗွီဘီသတင်းဌာနက ဌာနကြီးမှူး ဦးတိုးဇော်လတ်၊ မြစ်ကြီးနားဂျာနယ် အယ်ဒီတာချုပ် ဆိုင်းမိုင်နဲ့ မြန်မာသတင်းပညာသိပ္ပံက သင်တန်းမှူး ဦးစိန်ဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သတင်းသမားတွေကတော့ အခုလို လုပ်တဲ့ သုတေ သနတွေကို ဒိထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်စေချင်တယ်လို့ တိုက်တွန်းကြပါတယ်။ လင်းဆက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024