Home
မေးမြန်းခန်း
“အမှုရုပ်သိမ်းခွင့်ရအောင် တရားခံတွေရဲ့ ဖခင်က ပိုက်ဆံတွေပေးခဲ့တယ်”
ပြည့်ဘုန်းအောင်
·
September 14, 2018
ဥပဒေအရာရှိများ လာဘ်စားမှုကိစ္စ ဒုညွှန်မှူး ဦးကျော်စိုးနှင့် မေးမြန်းချက် သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းပေးဖို့ ရန်ကုန်တိုင်းဥပဒေချုပ် အပါအဝင် ဥပဒေအရာရှိတွေက ကျပ်သိန်း ၇၂၀ လာဘ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ကြားရေးမှူး ဦးကျော်စိုးကို  ဒီဗွီဘီက သီးသန့် မေးမြန်းထားပါတယ်။ မေး - ဒီအမှုဟာဆိုရင် လူအများစိတ်ဝင်စားခဲ့ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင် သေချာပြန်လည်စစ်ဆေးဖို့ ညွှန်ကြားခဲ့တဲ့အမှု ဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့ ဘယ်လိုစတင် ကိုင်တွယ်ခဲ့ပါသလဲ။ ဖြေ - “ဒီသတင်းနဲ့ပတ်သက်ပြီး လူမှုမီဒီယာတွေမှာ သတင်းတွေထွက်နေတာနဲ့ ကျနော်တို့အနေနဲ့ သြဂုတ် ၂ ရက်နေ့မှာ ကော်မရှင်အစည်းအဝေး ထိုင်ပြီးတော့ ကျော်ဇောသတင်းအဖြစ် သတ်မှတ်ခဲ့တယ်။ ကျော်ဇောသတင်း သတ်မှတ်ပြီးမှ သတင်းပေးပို့ချက်တွေကို သေချာစိစစ် ဆောင်ရွက်ခဲ့တယ်။ ပြီးတော့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့ပြီးတော့မှ စတင်စစ်ဆေးခဲ့တာပါ။ ဒါကလည်း ကျနော်တို့ ပြဋ္ဌာန်းဥပဒေမှာ ပါပါတယ်။ ကျနော်တို့ စတုတ္ထအကြိမ် ပြင်ဆင်ထားတဲ့ ဥပဒေမှာ ကျော်ဇောသတင်းအဖြစ် ကော်မရှင်ကို ပေးပို့ပြီး စစ်ဆေးဖို့ ပုဒ်မ ၁၇(ဈ) မှာလည်း ပါဝင်ပါတယ်။” မေး - ဒီလိုစစ်ဆေးတဲ့အခါမှာ အမှုနဲ့သက်ဆိုင်တဲ့ သူတွေက ဒီလို လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ဘယ်လိုစတင်ဆောင်ရွက်ခဲ့တယ်ဆိုတာ ဘယ်လိုပေါ်ပေါက်ခဲ့တာလဲ။ ဖြေ - “သရုပ်ဆောင်အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှုမှာ တရားခံတွေအပေါ် စွဲဆိုထားတဲ့ အမှုကို ရုပ်သိမ်းခွင့်ရအောင် တရားခံတွေရဲ့ဖခင်က ပိုက်ဆံတွေပေးခဲ့တယ်။ တကယ့်တကယ်မှာတော့ သားကြီးရဲ့အဖေ ဦးခင်မောင်လေးက သက်ဆိုင်ရာရှေ့နေ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်ကမှတဆင့် ဆယ်သွယ်ပြီး ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေကို လာဘ်ငွေတွေ ပေးခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အခုလို အရေးယူလိုက်တာပါ။” မေး - စစ်ဆေးလိုက်တဲ့အခါမှာ ဥပဒေအရာရှိတယောက်ကို ငွေကြေး ဘယ်လောက်ပေးခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပါသလဲ။ ဖြေ - “အမှုကို စစ်ဆေးလိုက်တဲ့အခါမှာ ဥပဒေချုပ် ဦးဟန်ထူးက ကျပ်ငွေ သိန်း ၁၅၀၊ နောက် Blue Label အရက်ပုလင်းတလုံးနဲ့ အင်္ကျီတထည် ရယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်ငွေ သိန်း ၅၀၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်ငွေ သိန်း ၁၃၀ နဲ့ Gold label အရက်ပုလင်းတလုံး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်ငွေ သိန်း ၃၀ နဲ့ ပါတိတ်လုံချည်တထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀၊ ရွှေပေါက္ကံနယ်မြေစခန်းမှူး ရဲအုပ်ချစ်ကိုကိုက ကျပ်ငွေ သိန်း ၃၀ ရယူခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။” မေး - ကော်မရှင်အနေနဲ့ အမှုကို ပြန်လည်ကိုင်တွယ်တဲ့အခါမှာ ကော်မရှင်တာဝန်ရှိသူတွေကို အသက်အန္တရာယ်ခြိမ်းခြောက်တာ ခံခဲ့ရတယ်လို့ အပြင်မှာ သတင်းတွေ ထွက်နေပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဖြေ - “ဒီအမှုနဲ့ ပတ်သက်ပြီးတော့မှ မဟုတ်ပါဘူး။ ခြိမ်းခြောက်ခံရတဲ့ အနေအထားကတော့ တရားဝင်အနေနဲ့တော့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ အနေအထားအရတော့ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရတာကြောင့် ကျနော်တို့ကို ချစ်တဲ့သူလည်းရှိမယ်၊ မုန်းတဲ့သူလည်း ရှိတာကြောင့်မို့ မုန်းတဲ့သူကလည်း တခုခုလုပ်လာနိုင်တဲ့ အခြေအနေ ရှိလည်း ရှိလာနိုင်ပါတယ်။” မေး - အန်ကယ်တို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ လာဘ်ငွေယူသူတွေကို အရေးယူထားတယ်လို့ ဖော်ပြထားတယ်။ ကော်မရှင်ရဲ့ ဥပဒေမှာက လာဘ်ပေးသူကော လာဘ်ယူသူကိုပါ အရေးယူလို့ရတယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် ဒီအမှုမှာကျတော့ ဘာလို့ လာဘ်ပေးသူကို အရေးမယူတာလဲ။ ဖြေ - “တရားစဆွဲတော့မယ့် အမှုတခုမှာဆိုရင် သက်သေကို ပြန်ပြီးတော့ ကြည့်ပါတယ်။ သက်သေခိုင်လုံတယ်ဆိုရင် သက်သေမှာ ကျနော်တို့က ရှင်းရှင်းပြောရရင် ဦးခင်မောင်လေးက သက်သေအဖြစ် အသုံးပြုမှာမို့ တရားစွဲတဲ့အထဲ မပါတာ။ ဦးခင်မောင်လေးကို အရေးယူလိုက်ရင် သက်သေနေရာမှာ အားနည်းသွားမှာစိုးလို့ သူ့ကို သက်သေအနေနဲ့ပဲ ထားထားတာပါ။ အဲ့လိုမဟုတ်ဘဲ တရားစွဲတဲ့အခါမှာ အားနည်းသွားရင် အမှုက မအောင်မြင်ဘဲ ဖြစ်သွားမှာစိုးလို့ပါ။ တကယ်တမ်း အဂတိလိုက်စားမှုမှာ ဆိုရင်တော့ ညီလေးမေးသလို နှစ်ဖက်စလုံးကို အရေးယူလေ့ရှိပါတယ်။ လျှို့ဝှက်ဆောင်ရွက်နေတဲ့ ကိစ္စဆိုရင်တော့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှိတဲ့အခါမှ ပေးတဲ့သူရော၊ ယူတဲ့သူပါ နှစ်ဖက်စလုံးကို အရေးယူလို့ရတာ။ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရနိုင်တဲ့ အခြေအနေမှာဆိုရင် ကျနော်တို့က ပေးတဲ့သူကို သက်သေအဖြစ် အသုံးပြုလိုက်ပါတယ်။” မေး - စစ်ဆေးလိုက်တဲ့အခါမှာ အခုလို အဂတိလိုက်စားမှု ပေါ်ပေါက်ခဲ့တဲ့အတွက် ဒီအမှုကို ဘယ်လို ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။ ဖြေ - “ကော်မရှင်ကနေပဲ တရားလိုလုပ်ပြီး ကျူးလွန်သူတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးစစ်ဆေးဖို့ လုပ်ခဲ့ပါတယ်။ ပုဒ်မတွေကတော့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်း အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ဒေါ်သစ်သစ်ခင်ကတော့ တင်ပြလာတဲ့ အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာမှာ သန်းထွဋ်အောင်ရဲ့ဖခင် ဦးခင်မောင်လေးထံကနေ လာဘ်ငွေရယူပြီး အမှုကို ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး၊ ကျူးလွန်သူတွေကို တရားရှင်လွှတ်ခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်ကိုတော့ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အရေးယူတယ်။” “ပြီးတော့ အမှုစစ်အဖြစ် ဆောင်ရွက်ရာမှာ ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိတဲ့အပြင် ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး တစုံတရာကို ပြုလုပ်ပြီး တရားခံ သန်းထွဋ်အောင်ရဲ့ ဖခင်ဆီကနေ လာဘ်ငွေနဲ့ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့တဲ့ ရဲအုပ်ချစ်ကိုကိုအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ သုဝဏ္ဏနယ်မြေရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့မှာပဲ တိုင်ချက်ဖွင့်ပြီး သက်ဆိုင်ရာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024