ငပလီတွင် ဓာတ်လိုက်၍ လူ ၂ ဦး သေဆုံး၊ ၃ ဦး အရေးပေါ် ကုသနေရ
DVB
·
September 14, 2018
ရခိုင်ပြည်နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ အေစီအီးလမ်းမှာ ဓာတ်လိုက်ပြီး ၂ ဦးသေဆုံးသွားကာ ၃ ဦး သံတွဲဆေးရုံကို အရေးပေါ်ပို့ဆောင် ဆေးကုသခံနေရပါတယ်။
ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ဓာတ်လိုက်ခံရတာဖြစ်ပြီး ၃ ဦးကတော့ သံတွဲဆေးရုံမှာ ရောက်ရှိနေတယ်လို့ လသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
"အခုကျနော်လည်း ဆေးရုံကိုရောက်နေပါတယ်။ ဓာတ်လိုက်သေတာပါ။ နှစ်ယောက် သေဆုံးပါတယ်။ ၃ ယောက်ကတော့ ဆေးရုံကို အရေးပေါ် ရောက်နေပါတယ်။ ဒီလောက်ပဲ ကျနော် ကျနော်ပြောလို့ရမယ်ဗျ၊ အရေးပေါ်လူနာတွေကို ပြုစုပေးနေရလို့" လို့ ပြောပါတယ်။
အသေးစိတ်ကိုတော့ လောလောဆယ်မသိရသေးဘူးလို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သံတွဲရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။