မြင်းခြံမြို့နယ်တွင် မဲစာရင်းကြည့်ရန် စိတ်ဝင်စားသူနည်းပါး
DVB
·
September 13, 2018
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်အတွက် မဲဆွယ်ကာလရောက်ရှိချိန်ဖြစ်ပေမဲ့ မဲစာရင်းကို လာရောက်ကြည့်ရှုသူ စိတ်ဝင်စားသူ နည်းနေတယ်လို့ ခရိုင်ကော်မရှင်ရုံးက သိရပါတယ်။
မြင်းခြံခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင် က "ပထမအကြိမ် မဲစာရင်း ကြေညာခဲ့စဉ်က မဲစာရင်းကိုလာရောက်ကြည့်ရှုသူ အားနည်းပါတယ်။ အဓိက ပါတီတွေအနေနဲ့ အထူးဂရုစိုက်ပြီး လေ့လာစေချင်ပါတယ်။ သူတို့ရဲ့ မဲဆန္ဒရှင်တွေ ဘယ်သူတွေပါမယ် မပါဘူးဆိုတာကို သူတို့သိဖို့လိုပါတယ်။ ပြီးတော့ NGO အဖွဲ့အစည်း အသီးသီးတွေ အနေနဲ့ မဲစာရင်းရဲ့ လိုအပ်ချက်တွေကို ထောက်ပြပြောဆိုပါ၊ သူတို့ထောက်ပြတာတွေကို ကျနော်တို့ ကော်မရှင်အနေနဲ့ ပြင်တာဖြည့်တာတွေ ပြုလုပ်ပေးသွားမှာပါ။ မဲစာရင်းတွေကို စိတ်ဝင်စားမှု ရှိလာဖို့ ဆိုရင်တော့ ပါတီကပုဂ္ဂိုလ်တွေ အဓိကကျပါတယ်”လို့ ဒီဗွီဘီ ကို ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ရုံးမှ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ ၁၄ ရက်ကြာ ပထမအကြိမ် မဲစာရင်း ကြေညာ ခဲ့ပြီး၊ ဒုတိယအကြိမ် မဲစရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ နောက်ဆုံးအကြိမ် အဖြစ် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအသီးသီးကနေ ကြေညာပေးသွားမှာလည်း ဖြစ်ပါတယ်။
ရပ်ကွက်နေသူတဦးက"မဲပေးရမယ့် အချိန်ကလည်း လိုသေးတယ်၊ ပြီးတော့ လူတွေကလည်း သိပ်စိတ်ဝင်စားမှု မရှိသလိုဘဲ။ ရွေးကောက်ပွဲနီးလာပြီဆိုရင်တော့ လူတွေရဲ့ စိတ်က အပြောင်းအလဲ ဖြစ်လာ နိုင်ပါတယ်။ မဲဆွယ်စည်းရုံးနေကြတာတွေတော့ တွေ့နေရပေမယ့် ခုထိတော့ ဘာမှ ထူခြားမှု မရှိသေးပါဘူး”လို့ ဆိုပါတယ်။
မြင်းခြံမြို့နယ်မှာတော့ လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် တနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ တို့ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားကြမှာ ဖြစ်ကာ၊ စက်တင်ဘာ ၃ ရက်ကစလို့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကို သွားရောက်ပြီး မဲဆွယ်စည်းရုံးနေကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးခွင့် ရက် ၆၀ သတ်မှတ်ထားသောကြောင့် စက်တင်ဘာ ၃ ရက်နေ့ကစပြီး ရွေးကောက်ပွဲမတိုင်မီ တရက်အလိုထိ မဲဆွယ်စည်းရုံးခွင့် ရရှိမှာပါ။
လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြင်းခြံမြို့နယ်မှာ မဲရုံပေါင်း ၂၆၈ ရုံထားရှိမှာဖြစ်ပြီး ၊ မဲပေးပိုင်ခွင့်ရှိသူ ( ၂၂၁၃၅၉) ဦး ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။
သတင်း - ရီရီထွန်း ( မြင်းခြံ )၊ ဓာတ်ပုံ - ဦးဌေးဝင်း