ရုရှားသူလျှိုဟောင်းကို သတ်ရန်ကြိုးစားသူ ၂ ဦးအား သိရှိဟု သမ္မတပူတင် ပြော

ဓာတ်ပုံ - Reuters
ရုရှားသူလျှိုဟောင်း ဆာဂီဆက်ခရီပေါလ်နဲ့ သူ့သမီးကို သတ်ဖို့ ကြိုးစားတယ်လို့ ဗြိတိန်အစိုးရ ရှေ့နေတွေက စွပ်စွဲထားတဲ့ အမျိုးသားနှစ်ဦးဟာ တကယ်တမ်း ဘယ်သူတွေဆိုတာ ရုရှားအစိုးရက သိတယ်လို့ သမ္မတ ဗလာဒီမီယာ ပူတင်က စက်တင်ဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ ဆက်ခရီပေါလ်တို့ သားအဖကို စစ်တပ်သုံး အာရုံကြောအဆိပ်နဲ့ သတ်ဖို့ ကြိုးစားခဲ့တဲ့ သံသယရှိသူတွေဟာ ရုရှားနိုင်ငံသား အလက်ဇန်းဒါး ပေထရို့ပ်နဲ့ ရပ်စ်လန် ဘိုရှီရို့ဗ်တို့ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရှေ့နေတွေက အရင်အပတ်က ပြောပါတယ်။ ရုရှားအစိုးရက ဒီအမျိုးသားနှစ်ဦးကို တွေ့ထားပြီ၊ သူတို့ဟာ အရပ်သားတွေဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့ ထူးခြားတဲ့ ရာဇဝတ်မှုတွေ မရှိကြဘူး၊ သူတို့ ရှေ့ထွက်လာပြီး သူတို့ဇာတ်လမ်းကို ကမ္ဘာကို ပြောခွင့်ပြုဖို့ မျှော်လင့်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဗလာဒီဗိုစတော့ခ်မြို့မှာ ကျင်းပနေတဲ့ စီးပွားရေးဖိုရမ်အတွင်း ပြောပါတယ်။ ဗြိတိန်အစိုးရကတော့ ဒီလူနှစ်ဦးဟာ ရုရှားအစိုးရ အကြီးပိုင်းကနေ အမိန့်အရ အလုပ်လုပ်နေတဲ့ ရုရှား စစ်ထောက်လှမ်းရေး အရာရှိတွေ ဖြစ်ဖို့ သေချာသလောက်ရှိတယ်လို့ ပြောပါတယ်။ ရုရှားအစိုးရကတော့ အဆိပ်ခတ်မှုနဲ့ ဘယ်လိုပတ်သက်မှုမှ မရှိဘူးလို့ ထပ်ခါတလဲ ငြင်းပါတယ်။ ရုရှား စစ်ထောက်လှမ်းရေးတပ်က ဗိုလ်မှူးကြီးဟောင်း ဆက်ခရီပေါလ်ဟာ ဗြိတိန်ရဲ့ MI6 နိုင်ငံခြား ထောက်လှမ်းရေးတပ်ဆီမှာ ဒါဇင်နဲ့ချီတဲ့ သူလျှိုတွေအကြောင်း ဖော်ထုတ်ခဲ့သူလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up