တူရကီနိုင်ငံခြားရေးဝန်ကြီး စစ်တွေ နေ့ချင်းပြန်သွားမည်
ရွှေအောင်
·
August 9, 2012
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ဩဂုတ်လ ၁၀ ရက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို နေ့ချင်းပြန်ခရီး သွားရောက်မှာ ဖြစ်ပါတယ်။
[caption id="attachment_29010" align="alignleft" width="300" caption="သမ္မတဦးသိန်းစိန်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံစဉ်"][/caption]
ရခိုင်ပြည်နယ် ပြည်နယ်သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးဦးလှသိန်းက “နိုင်ငံခြားရေးဝန်ကြီးနဲ့ သူ့ဇနီးပါမယ်၊ နောက် လူ ၈၀ လောက်တော့ပါမယ်။ ပြည်တွင်းက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်တို့၊ တခြား အဖွဲ့တွေကလည်း ပါမလားမသိဘူး။ သူတို့က နေ့ချင်းပြန်သွားမှာပါ။ မွတ်ဆလင်ဒုက္ခသည်စခန်းနဲ့ ရခိုင်ဒုက္ခသည်စခန်းကိုလည်း ကြည့်မယ် ပြောတယ်” လို့ ဆိုပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Ahmet Davutoglu နဲ့ အဖွဲ့ဟာ ဩဂုတ် ၈ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိပြီး ဒီနေ့ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံမှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်တွင်း ကျဆုံးခဲ့တဲ့ တူရကီစစ်သည်တော်တွေရဲ့ သင်္ချိုင်းများ ကိစ္စ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့  မကြာခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ အဖြစ်မှန်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆို ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ် ဒုက္ခသည် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေလည်း တပါတည်း ယူဆောင်လာခဲ့ပါတယ်။
တူရကီနိုင်ငံဟာ လက်ရှိ အိုအိုင်စီ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေပြီး အိုအိုင်စီကိုယ်စား လာရောက်တာလို့ သိရပါတယ်။
အခု ရခိုင်ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို လာမယ့် အိုအိုင်စီ အစည်းအဝေးမှာ ပြန်လည်တင်ပြသွားမှာလည်း ဖြစ်ပါတယ်။