A d v e r t i s e m e n t With Us

ရုရှားတွင် နှစ် ၅ သောင်းသက်တမ်းရှိ ဂူအောင်းခြင်္သေ့ပေါက်ရုပ်ကြွင်း တွေ့ရှိ (ရုပ်သံ)

ဓာတ်ပုံ - EAST2WEST
ရုရှားနိုင်ငံမှာ နှစ်ပေါင်း ၅ သောင်း သက်တမ်းရှိတဲ့ ဂူအောင်းခြင်္သေ့ပေါက်ရုပ်ကြွင်း တခုကို သိပ္ပံပညာရှင်တွေက မပျက်မစီးဘဲ တွေ့ရှိခဲ့ကြတယ်လို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ဒီခြင်္သေ့ရုပ်ကြွင်းကို သိပ္ပံပညာရှင်တွေက စပါတက်ခ်လို့ အမည်ပေးထားခဲ့ကြပြီး ရုရှားနိုင်ငံအရှေ့ပိုင်း၊ ယကူရှားဒေသမှာ ဒေသခံတဦးဖြစ်တဲ့ ပါဗယ်လ်အက်ဖီမော့ဗ်က စတင်တွေ့ရှိခဲ့တာပါ။ ရုရှားသိပ္ပံပညာရှင် ဒေါက်တာဗယ်လ်ရီ ပလော့တ်နီကော့ဗ်ကတော့ ဒီခြင်္သေ့ပေါက်ကလေးဟာ ၁ လသားအရွယ်သာ ရှိသေးပြီး မျက်လုံးတောင် မပွင့်နိုင်သေးတဲ့ အရွယ်မှာ ဆီးနှင်းခဲပိပြီး သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အခုရုပ်ကြွင်းတွေ့တဲ့ နေရာနဲ့ ပေ ၅၀ အကွာမှာ မျိုးစိတ်တူ ရုပ်ကြွင်းတခု တွေ့ခဲ့တာမို့ ဒါဟာ ပျောက်ဆုံးနေတဲ့ ညီနောင်တွေ ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ “ဒီရုပ်ကြွင်းတခုလုံးမှာ တကိုယ်လုံး နူးညံ့တဲ့ အမွေးတွေနဲ့ ဖုံးအုပ်ထားပြီး အမြီးရှည်ရှည်နဲ့ ပုံစံမပျက်ဘဲ တွေ့ရတာပါ” လို့ ဒေါက်တာ ပလော့တ်နီကော့ဗ်က ပြောပါတယ်။ ခုတွေ့ရတဲ့ ဂူအောင်းခြင်္သေ့ပေါက်တွေဟာ မိသားစုတွေဖြစ်နိုင်ပြီး မိခင်ခြင်္သေ့မကြီးက မျှော်မှန်းမထားတဲ့ ဘေးအန္တရာယ်တခုခုကြောင့် ကလေး ၂ ကောင်ကို ဆုံးရှုံးခဲ့ရတာဖြစ်မယ်လို့ ဆိုပါတယ်။ “နောက်ထပ် ခြင်္သေ့ပေါက်ရုပ်ကြွင်းတခုကို ခုတွေ့တဲ့နေရာနဲ့ နီးနီးမှာပဲ မနှစ်က တွေ့ခဲ့သေးတယ်။ သူတို့ဟာ မိသားစုဝင်တွေ ဖြစ်နိုင်တယ်။” မနှစ်က တွေ့ရတဲ့ ရုပ်ကြွင်းကိုတော့ ဘောရစ္စလို့ အမည်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဆိုက်ဘေးရီးယား သိပ္ပံပညာရှင် ဒေါက်တာ အဲလ်ဘတ် ပရိုတိုပိုပေါ့ဗ်ကတော့ ဒီရုပ်ကြွင်းတွေကတဆင့် မျိုးဗီဇပုံတူပွားတာမျိုးတွေ လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရုရှား၊ ဗြိတိန်၊ အမေရိကန်၊ ဆွီဒင် စတဲ့နိုင်ငံတွေက သိပ္ပံပညာရှင်တွေ ပါဝင်တဲ့အဖွဲ့ဟာ ဒီရှေးဟောင်းတိရစ္ဆာန် ရုပ်ကြွင်းတွေကို ဆက်လက်ရှာဖွေနေကြတာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ခုတွေ့ရှိရတဲ့ ဂူအောင်းခြင်္သေ့ အမျိုးအစားတွေဟာ ဗြိတိန်နဲ့ ကျန်တဲ့ ဥရောပမျိုးရင်းတခုဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်း ၃ ထောင်ကျော်လောက်က စတင်ပြီး ရှားပါးမျိုးစိတ် ဖြစ်လာခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up