တရုတ်တွင် အာဖရိက ဝက်နာရောဂါ ကူးစက်ပြန့်ပွား၊ ဝက်သားစားသုံးမှု ကျဆင်း

ကမ္ဘာ့အကြီးဆုံး ဝက်သားဈေးကွက်ရှိရာ တရုတ်နိုင်ငံတဝှမ်း အာဖရိက ဝက်နာရောဂါ (ASF) အလျှင်အမြန် ကူးစက်ပြန့်ပွားနေလို့ ထိန်းချုပ်ဖို့ ကြိုးစားနေပြီး ဝက်သားစားသုံးမှုလည်း ကျဆင်းနေပါတယ်။ တလအတွင်း ကူးစက်မှု ၁၄ ကြိမ် ရှိခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေဆီ ဆက်လက်ကူးစက်မှာ စိုးရိမ်နေကြပါတယ်။ ASF ရောဂါ ကူးစက်ခံရရင် ဝက်ဟာ ဖျားတာ၊ အရေပြားပေါ်နဲ့ ကိုယ်တွင်းအင်္ဂါပေါ်မှာ သွေးယိုစိမ့်တာတွေ ဖြစ်ပြီး နှစ်ရက်ကနေ ဆယ်ရက်အတွင်း သေဆုံးတယ်လို့ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ကြီး (OIE) က ပြောပါတယ်။ ဘေဂျင်းမြို့စွန်ရှိ ဝက်မွေးမြူရေးခြံရဲ့ နည်းပညာရှင် ဝမ်လျန်က "ဒါဟာ တရုတ်ပြည်ကို ပထမဆုံး ကူးစက်မှုပဲ။ တခါကူးပြီးတာနဲ့ ထိန်းချုပ်မရတော့ဘူး။ ဒါကြောင့် သေဆုံးနှုန်း ရာနှုန်းပြည့်လို့ သူတို့က ပြောတာပါ။ ကျနော်တို့ဆီမှာ အကူးစက်မခံနိုင်ဘူး၊ ကူးခဲ့ရင်တော့ သွားပြီပဲ" လို့ ပြောပါတယ်။ တရုတ် အာဏာပိုင်တွေက ကူးစက်နှုန်းတွေကို ထိန်းချုပ်ဖို့၊ ကူးစက်ခံရတာနဲ့ တပြိုင်နက် ဖြစ်နိုင်သမျှ အမြန်ဆုံး စာရင်းပေးကြဖို့ မွေးမြူရေးသမားတွေနဲ့ တိမွေးကု ဆရာဝန်တွေကို ဆော်သြခဲ့ပြီးပါပြီ။ မွေးမြူရေးသမားတွေ သတိထားရမယ့် လက္ခဏာတွေနဲ့ ကူးစက်မှုဟန့်တားရေး လုပ်ဆောင်ချက်တွေကို ပညာပေးထားတဲ့ ပိုစတာတွေကိုလည်း အာဏာပိုင်တွေက ထုတ်ပေးထားပါတယ်။ ကူးစက်ကြောင်း အစီရင်ခံထားတဲ့ ပြည်နယ်တွေထဲမှာ ဝက်အရှင်တွေ သယ်ယူပို့ဆောင်မှုကို အစိုးရက တားမြစ်ထားပါတယ်။ ဒါကြောင့် ဝက်ခြံတွေမှာ မရောင်းရတဲ့ ဝက်တွေနဲ့ ပြည့်နေသလို သားသတ်ရုံတွေမှာလည်း ကုန်ကြမ်းပြတ်လပ်နေပါတယ်။ "တကယ်လို့ တနေရာမှာ ကူးစက်မှုတခု ဖြစ်တာနဲ့ သက်ဆိုင်ရာအဝန်းအဝိုင်း တခုလုံးက မွေးမြူရေးခြံ အားလုံးက ဝက်တွေအားလုံးကို သုတ်သင်ပစ်ရလိမ့်မယ်။ ဝက်နဲ့ ဝက်သယ်ယူပို့ဆောင်ရေးစနစ် တခုလုံးကို ကန့်သတ်ဖို့လိုတယ်" လို့ တရုတ် စိုက်ပျိုးမွေးမြူရေး တက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံဌာန ပါမောက္ခ ဝမ်ချုတွမ့်က ပြောပါတယ်။ တချို့စားသုံးသူတွေကတော့ မကြောက်ဘဲ ဝက်သားကို ဆက်လက်စားသုံးနေတာ ရှိပေမယ့် နိုင်ငံတွင်း ဝက်သားရောင်းအား သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဈေးသည်တွေက ပြောပါတယ်။ "ဝက်နာရောဂါ ကူးစက်မှုအကြောင်းက အင်တာနက်ပေါ် ပြန့်နေတယ်။ ကုမ္ပဏီတွေနဲ့ လူတွေက အမဲသားတို့ သိုးသားတို့ ပြောင်းစားကြတယ်။ ဝက်သားတွေ အရင်လို အမြန်မရောင်းရဘူး" လို့ ဈေးသည် ချင်ကို့ချန်က ပြောပါတယ်။ ဝက်နာရောဂါဟာ တိရစ္ဆာန်ချင်း တိုက်ရိုက်ထိတွေ့မှုတွေ၊ ညစ်ညမ်းစားစရာတွေ၊ တိရစ္ဆာန်အစာတွေနဲ့ တနေရာကနေ တနေရာကို သွားနေတဲ့ လူတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) ကတော့ "ကာကွယ်ဆေး မပေါ်သေးပေမယ့် လူတွေအတွက် အန္တရာယ်မရှိပါဘူး။ ရောဂါကူးစက်မှုကို ဟန့်တားဖို့ တရုတ်နိုင်ငံအတွင်း ဝက်ကောင်ရေ လေးသောင်းလောက်ကို သုတ်သင်ပြီးပြီ" လို့ ပြောပါတယ်။ တရုတ်နိုင်ငံတွင်း လူဦးရေသိပ်သည်းတဲ့ တောင်ပိုင်းဒေသတွေမှာ အောက်တိုဘာ ပွဲတော်ကြောင့် ဝက်သားဈေး တက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up