တရုတ်နှင့် ရုရှား ခေါင်းဆောင် ၂ ဦး တွေ့ဆုံ၊ ၂ နိုင်ငံစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့် (ရုပ်သံ)

တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေဟာ လေးကြိမ်မြောက် ကမ္ဘာ့အရှေ့ပိုင်း စီးပွားရေးဖိုရမ်မှာ တွေ့ဆုံခဲ့သလို နှစ်နိုင်ငံစစ်တပ်တွေလည်း ပူးတွဲ စစ်ရေးလေ့ကျင့်နေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ဟာ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ခ်မြို့မှာ စက်တင်ဘာ ၁၁ ရက်က တွေ့ဆုံပါတယ်။ နိုင်ငံတကာ အခြေအနေတွေ ပြောင်းနေပေမယ့် တရုတ်နဲ့ ရုရှားတို့ဟာ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ဖို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နှစ်ဦးလုံး ကတိပြုခဲ့ပါတယ်။ တရုတ်သမ္မတ ရှီဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှား ဆိပ်ကမ်းမြို့ ဗလာဒီဗိုစတော့ခ်ကို ရောက်နေတာပါ။ တရုတ်နဲ့ ရုရှားကြား အပြန်အလှန် ယုံကြည်မှုဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး စတဲ့ နယ်ပယ်အမျိုးမျိုးမှာ အားကောင်းကောင်းနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာစေတယ်လို့ ပူတင်က ပြောပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဘုံစိုးရိမ်မှုရှိနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေအပေါ် အမြင်တွေကို နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ပါတယ်။ ဒါ့အပြင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ နှစ်နိုင်ငံအရာရှိတွေက လက်မှတ်ထိုးတာကို သက်သေပြုခဲ့ပါတယ်။ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံစစ်တပ်တွေလည်း နောက်ဆုံးပေါ် ထိပ်တန်းလက်နက်တွေ၊ ပစ္စည်းတွေနဲ့အတူ ပူးတွဲ စစ်ရေးလေ့ကျင့်နေပါတယ်။ ရုရှားရဲ့ ဗိုစတော့ခ် ၂၀၁၈ ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အတွင်း ပါဝင်လေ့ကျင့်နေတာပါ။ ဒါဟာ ရုရှားမှာ အနှစ်လေးဆယ်အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ရုရှားစစ်သည် အယောက် ၃ သိန်းကျော်၊ လေယာဉ်အစီး ၁ ထောင်ကျော်၊ သံချပ်ကာယာဉ်နဲ့ တင့်ကားအစီး ၃ သောင်း ၆ ထောင်နဲ့ ရေယာဉ်အစီး ၈၀ နီးပါး ပါဝင်လေ့ကျင့်နေတာပါ။ ရုရှားရဲ့ ဖိတ်ကြားမှုအရ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကလည်း နိုင်ငံခြား စစ်ရေးလေ့ကျင့်မှုတွေအတွက် အကြီးဆုံးတပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up