A d v e r t i s e m e n t With Us

ပျက်စီးနေသည့်  ရန်ကုန်တက္ကသိုလ်ဘောလုံးကွင်းများ ပြန်လည်ပြင်ဆင်ပေးမည်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ပျက်စီးနေတဲ့ တက္ကသိုလ် ဘောလုံးကွင်း ၈ ကွင်းကို ပြင်ဆင်ပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဒေါက်တာမြလေးစိန် က ပြောပါတယ်။ စက်တင်ဘာ ၁၂ရက် ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ ကမာရွတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းရဲ့ မေးခွန်းကိုဖြေရင်း ဒေါက်တာမြလေးစိန်က ပြောခဲ့တာ ဖြစ်ပါတယ်။ “ပညာရေးဝန်ကြီးဌာနမှ လိုအပ်သော ဘောလုံးကွင်း ပြင်ဆင်စရိတ်များကို ခွင့်ပြု ဘဏ္ဍာငွေ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားမှု ရရှိခဲ့ပါတယ်၊ ခွင့်ပြုဘဏ္ဍာငွေ ရရှိပါက ဘောလုံးကွင်း သဲကွင်းများကို ဘောလုံးလေ့ကျင့်ကစားနိုင်ရေး အတွက် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိရပါတယ်။ ဘောလုံးကွင်း သဲကွင်းများအား ပြန်လည်ပြုပြင်ပြီးစီးချိန်တွင် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း၊ ဘောလုံးကွင်း မရှိသော ဘောလုံးအသင်းများ၊ ကမာရွတ် မြို့နယ်အတွင်းရှိ ဘောလုံးဝါသနာရှင်မျိုးဆက်သစ်များ ဘောလုံးလေ့ကျင့်ခြင်းနဲ့ ဘောလုံးပွဲများ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားသော တက္ကသိုလ် ဘောလုံးကွင်းများ ပြုပြင်ရေးကော်မတီက စည်းကမ်းတကျ ဘောလုံးကစားခွင့်အား ခွင့်ပြုပေး မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်း ဖြေကြားအပ်ပါတယ်။” ပျက်စီးနေတဲ့ တက္ကသိုလ်ဘောလုံးကွင်းတွေဟာ လတ်တလောမှာ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဗဟိုကွင်း အပါအ၀င် တက္ကသိုလ်ဘောလုံးကွင်း ၈ ကွင်းကို ၁၉၈၀ ခုနှစ်ကနေ ၂၀၁၀ခုနှစ်အထိ ဌာနဆိုင်ရာဘောလုံးအသင်းတွေ လေ့ကျင့်ဖို့ ငှားရမ်းခဲ့ပါတယ်။ ၂၀၁၀မှာ ၀န်ကြီးဌာနအသင်းတွေ ဖျက်သိမ်းပြီး ကလပ်အသင်းတွေ ပေါ်ထွက်ခဲ့ပြီး တဲ့နောက် ဘောလုံးကွင်း ငှားရမ်းတာလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၆ခုနှစ်အထိ ဘောလုံးကွင်းတွေမှာ ဈေးသည်တွေ ၀င်ရောက်ရောင်းချပြီး ဘောလုံးကွင်း တရားမ၀င် ငှားရမ်းမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ဘောလုံးကွင်းထဲက ဈေးသည်တွေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။ တနှစ်ခွဲလောက်အကြာ ၂၀၁၈ခုနှစ် ဇူလိုင်မှာ လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် ကမာရွတ်မြို့နယ်က တာဝန်ရှိသူတွေ ဘောလုံးကွင်းတွေဆီ သွားရောက်ကြည့်ရှုတဲ့ အခါမှာတော့ ဘောလုံးကွင်းတွေဟာ အပင်တွေနဲ့ တောထပြီး ပျက်စီးနေတာ တွေ့မြင်ခဲ့ကြရပါတယ်။ အခုတော့ ပညာရေးဝန်ကြီးဌာနက ပျက်စီးနေတဲ့ တက္ကသိုလ်ဘောလုံးကွင်း ၈ကွင်းကို အစိုးရဆီ ဘတ်ဂျက်တင်တောင်းကာ  ပြုပြင်ပြီး ပြန်ဖွင့်ပေးဖို့ စီစဉ်လာတာဖြစ်ပါတယ်။ ဓာတ်ပုံ-ပြည်သူ့လွှတ်တော်

A d v e r t i s e m e n t With Us

More News
Up