A d v e r t i s e m e n t With Us

အာဖဂန်တွင် ဆန္ဒပြသူများကို ပစ်မှတ်ထား အသေခံဗုံးခွဲ၊ ၃၂ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂဟာပြည်နယ်မှာ စက်တင်ဘာ ၁၁ ရက်က အသေခံဗုံးခွဲမှုကြောင့် လူ ၃၂ ဦး သေဆုံးပြီး အယောက် ၂၀၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ လူတချို့ ဒဏ်ရာပြင်းထန်လို့ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ ဗုံးခွဲသမားက မိုဟာမန်ဒါရာခရိုင်အတွင်း ဆန္ဒပြသူတစုကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာလို့ ဗွီအိုအေ သတင်းဌာနက ထုတ်ပြန်ပါတယ်။ ရာနဲ့ချီတဲ့လူတွေက ရဲအရာရှိကြီးတဦးကို ဆန့်ကျင် ဆန္ဒပြနေတုန်း ဖောက်ခွဲမှုဖြစ်ခဲ့တာလို့ အရာရှိတွေနဲ့ သက်ကြီးနိုင်ငံသားတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အချိန်ခဏလောက် လူစုကွဲခဲ့ပေမယ့် ပေါက်ကွဲမှုအပြီးမှာ ဆက်ပြီး ဆန္ဒပြဖို့ လူတွေ ပိုစုရုံးခဲ့ကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွက် တာဝန်ခံသူ မရှိသေးပါဘူး။ ဒါပေမယ့် အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အုပ်စုက ပြည်နယ်အတွင်း အရင်ကလည်း အလားတူ တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲဒီနေ့မှာပဲ နန်ဂဟာပြည်နယ်ရဲ့ မြို့တော် ဂျလာလာဘတ်မှာ ကျောင်း ၃ ကျောင်းကို ဗုံးခွဲတိုက်ခိုက်တာ ခံခဲ့ရပါသေးတယ်။ ဆန္ဒပြပွဲနဲ့ ကျောင်းတွေကို ဗုံးခွဲမှုအတွက် အာဖဂန်သမ္မတ အက်ရှ်ရဲ့ဖ်ဂါနီက ပြစ်တင်ရှုတ်ချပါတယ်။ တာလီဘန်တွေက ဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up