Home
မြန်မာသတင်း
ပုသိမ်​ကြီးမြို့နယ်​၌ နှစ်ထပ်အဆောက်အဦ ကွန်ကရစ်လောင်း​စဉ်​ပြိုကျ၊ လူ ၉ ဦးဒဏ်ရာရ
Aung Aung Naing
·
September 11, 2018
မန္တလေးမြို့တိုင်း၊ ပုသိမ်​ကြီးမြို့နယ်​၊ ရေလှောင်ကျေးရွာအုပ်စု၊ ရွာသစ်​က​လေးကွင်း ​နေကြာ စားအုံးဆီစက်​ရုံမှာ နှစ်ထပ်အဆောက်အဦ ကွန်ကရစ်လောင်း​နေစဉ်​ ဒီကနေ့မနက်က ပြိုကျခဲ့လို့ လူ ၉ ဦးဒဏ်ရာရသွားပါတယ်။ “နေကြာ”စားအုန်းဆီစက်ရုံပိုင်ရှင်ဦးထွန်းထွန်းဝင်း ပိုင်ဆိုင်တဲ့ အကျယ်ပေ ၅၀× ၃၈ ပေရှိ မြေကွက်လပ်မှာ ဆောက်လုပ်နေတဲ့ စတီးသံဖရိန် နှစ်ထပ်အဆောက်အဦရဲ့ ပထမထပ်မှာ ကွန်ကရစ်လောင်း​နေစဉ်​ အလေးချိန်ဒဏ်မခံနိုင်ဘဲ ပြိုကျခဲ့တာပါ။ ပြိုကျခဲ့တာကြောင့် အဆိုပါအဆောက်အဦမှာ အလုပ်လုပ်နေတဲ့ ပန်းရံဆရာ ဦးစံလင်း၊ Apex ဘိလပ်မြေကုမ္ပဏီက ကိုမျိုးဝေအောင်နဲ့ ကိုသန်းဇော်ဦး၊ ပန်းရံလုပ်သားတွေဖြစ်ကြတဲ့ ကိုဇင်ဝိုင်း၊ ကိုကြက်၊ ဦးစိုး၊ ဖိုးသောကြာ၊ ကိုဌေးအောင်နဲ့ မမိုးမိုးတို့ (၉)ဦး ဒဏ်ရာတွေ ရရှိခဲ့လို့ လောကပါလ လူမှုကူညီရေး အသင်းယာဉ်တွေနဲ့ မန္တလေးအထွေထွေဆေးရုံကြီးကို ပို့​ဆောင်​ခဲ့ကြပါတယ်​။ ဒဏ်ရာရသူတွေကို မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေက သွားရောက်ကယ်ဆယ်ခဲ့ကြသလို မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်တို့ လာရောက်ကြည့်ရှုခဲ့ကြပါတယ်​။ ဒီဖြစ်​စဉ်နဲ့ပတ်သက်လို့  မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ စစ်ဆေးရာမှာ အဆိုပါနေရာဟာ မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲခွင့် ဧရိယာပြင်ပရောက်ရှိနေလို့ ကော်မတီအနေနဲ့ စစ်ဆေးတွေ့ရှိချက်​​တွေကို သက်ဆိုင်ရာ ကော်မတီတွေထံ  ဆက်လက် ပေးပို့ပြီး အရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024