စစ်မှုထမ်းဟောင်းများ အသံတိတ်ဆန္ဒပြ
DVB
·
September 11, 2018
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်နဲ့ ဆိပ်ကမ်းမြို့နယ်က စစ်မှုထမ်းဟောင်းတွေ စုပေါင်းပြီး တပ်မတော်ကို ထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက်လုပ်ဆောင်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လယ်ပိုင်းက မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
မြို့နယ် ၅ မြို့နယ်က စစ်မှုထမ်းဟောင်း အင်အား ၂၀၀ နီးပါးက ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး တနာရီတိတိ အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
အမျိုးသားနိုင်ငံရေးကို ဦးတည်ပြီး အသံတိတ် တနာရီကြာ ဆန္ဒထုတ်ဖော်တာလို့ ကျောက်တံတားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူး စိုးမြင့်အောင်က ပြောပါတယ်။
စစ်မှုထမ်းဟောင်း ဗဟိုဌာနချုပ် လမ်းညွှန်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းက တခြားမြို့နယ်တွေမှာလည်း အလားတူ ဆန္ဒထုတ်ဖော်မှုတွေကို နိုဝင်ဘာလအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။