ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ ရုပ်အလောင်း ဂါနာသို့ ရောက်ရှိ

ဓာတ်ပုံ - AFP
1.5K
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကွယ်လွန်သူ ကိုဖီအာနန်ရဲ့ ရုပ်အလောင်းဟာ ဂါနာနိုင်ငံ မြို့တော် အက်ခရာက ခိုတိုခါ နိုင်ငံတကာလေဆိပ်ဆီ စက်တင်ဘာ ၁၀ ရက်နေ့က ရောက်လာပါတယ်။
သူ့ရုပ်အလောင်းကို နိုင်ငံတော်အခမ်းအနားနဲ့ သင်္ဂြိုဟ်ဖို့ ကုလသမဂ္ဂရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံကနေ ဇာတိမြေဆီ ပြန်သယ်လာတာပါ။
ကုလသမဂ္ဂအလံနဲ့ လွှမ်းထားတဲ့ ခေါင်းတလားရှေ့မှာ ဂါနာသမ္မတ နာနာ အခုဖို အဒ်ဒိုက အာနန်ရဲ့ ဇနီး၊ သားသမီး၊ မြေးတွေကို နှုတ်ဆက်ပါတယ်။
ခေါင်းတလားကို နိဗ္ဗာန်ယာဉ်ပေါ် မတင်ခင်မှာ အလေးပြု အခမ်းအနားအပြီး စစ်သားတွေက ကုလသမဂ္ဂအလံကို နိုင်ငံတော်အလံနဲ့ ပြောင်းခဲ့ပါတယ်။
ကိုဖီအာနန်ရဲ့ ရုပ်အလောင်းကို အက်ခရာ နိုင်ငံတကာ ညီလာခံဌာနမှာ ၂ ရက်ထားအပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာ နိုင်ငံတော်အခမ်းအနား အပြည့်အစုံနဲ့ ဈာပနပွဲ ကျင်းပသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။