ရန်ကုန်တွင် ဆိုင်ကယ်စီးခွင့်မပြုရန် လွှတ်တော်ကအတည်ပြုထားပေမယ့် အရေးမယူသေး
ကျော်ဇေယျာဝင်း
·
September 11, 2018
ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မပြုဖို့အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုဆွေးနွေးပြီးဖြစ်ပေမယ့် သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။
လွှတ်တော်မှာဆွေးနွေးအတည်ပြုခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မပြုဖို့အဆိုနဲ့ အများပြည်သူပိုင်နေရာတွေကို အများပြည်သူပြန်လည် ပိုင်ဆိုင်နိုင်ဖို့ အဆိုအပါအဝင် အခြားအတည်ပြုပြီးသားအဆိုတွေကို အစိုးရအဖွဲ့အနေနဲ့ အကောင်အထည် မဖော်သေးတာပါ။
အခုအချိန်ထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာ တရားမ၀င် ဆိုင်ကယ်စီးတာတွေက ရှိနေဆဲဖြစ်ပါတယ်။ တာမွေမြို့နယ်ထဲမှာတော့ ဆိုင်ကယ်စီးပြီး လုယက်သူတွေ ရှိနေတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးက ပြည်သူတွေ ဂရုပြုကြဖို့ လိုက်လံ နှိုးဆော်သတိပေးတာတွေရှိပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အတည်ပြုခဲ့တဲ့အဆိုတွေ၊ ကြယ်ပွင့်ပြမေးခွန်း တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အကောင်အထည်ဖော်ဆောင်တဲ့ နေရာမှာ အားနည်းချက်တွေရှိနေတယ်လို့ ကျောက်တံတားမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။
အစိုးရနဲ့ လွှတ်တော်အကြားပူးပေါင်းဆောင်ရွက်ရာမှာ အစိုးရအဖွဲ့အနေနဲ့ ချက်ချင်း လိုက်ပါ ဆောင်ရွက်လို့မရတဲ့ အကြောင်းအရာအချို့ရှိနေသေးတဲ့အတွက် တဖက်နဲ့တဖက်ကြား ဟန်ချက် မညီသလိုဖြစ်တာမျိုးတွေတော့ရှိတယ်လို့လည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တဦးက ပြောပါတယ်။
အစိုးရအဖွဲ့ရဲ့မူဝါဒပေါ်လစီပိုင်းနဲ့ ပတ်သတ်ပြီး ကြယ်ပွင့်ပြမေးခွန်းတွေ မေးမြန်းတဲ့အခါ မှာလည်း လွှတ်တော်မှာသာ ဖြေကြားပြီး တကယ့်လက်တွေ့ ကွင်းဆင်းစစ်ဆေးဖို့ မလာရောက်တာတွေလည်း ရှိနေသေးတယ်လို့ ဝေဖန်တာတွေလည်းရှိပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ကလည်း တချို့စီမံကိန်းတွေဆောင်ရွက်ရာမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ဝေဖန်အကြံပြုနိုင်အောင် ကြိုတင်အသိပေးသင့်တယ်လို့ လွှတ်တော်အမတ်တွေက အကြံပြုပါတယ်။