Home
မေးမြန်းခန်း
ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ ဦးအောင်သောင်းနှင့် မေးမြန်းချက် – ၁
DVB
·
August 9, 2012
မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အခြေအနေ၊ လွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းကို ဒီဗွီဘီ လက်ထောက်အယ်ဒီတာ ဦးသန်းဝင်းထွဋ်က တွေ့ဆုံမေးမြန်းထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ကိုယ်ပါဝင်နေတဲ့ အခန်းကဏ္ဍအပေါ်မှာ အားရတာ၊ အားမရတာတွေ၊ နောင် စိတ်မှန်းထားတာတွေ။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပါဝင်တာ အားရပါတယ်။ လွှတ်တော်တက်ရတာလည်း အားရပါတယ်။ သို့သော်လည်းပဲ ကျနော်တို့က အနှစ် ၄၀-၅၀ လောက်က ပါလီမန် လွှတ်တော်တွေနဲ့ ဝေးခဲ့တာ ရှိတယ်။ လူတိုင်းက အတွေ့အကြုံမရှိဘူး။ ကျနော်ကတော့ ဖဆပလ ကိုမီတယ်။ ဖဆပလခေတ်က လွှတ်တော်ကို မတက်ရသော်လည်းပဲ ၀ါသနာပါလို့ ဖတ်ခဲ့မှတ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ မတွေ့တဲ့သူတွေများတယ်။ အဲအတွက် ကျနော်တို့ လွှတ်တော်အနေနဲ့ အတွေ့အကြုံတွေ နည်းတယ်။ ဒီမိုကရေစီပြောင်းလဲတဲ့နေရာမှာလည်း ကျနော်တို့ရဲ့ သက်တမ်းက နုတယ်။ သက်တမ်းကနုတဲ့အခါကျတော့ ကျနော်တို့မှာ အခက်အခဲတော့ ရှိတယ်။ ဒါပေမယ့် စိတ်ဓာတ်အရှိန်အဟုန် ကောင်းဖို့ပဲ။ အားလုံးက ဒီမိုကရေစီကို ပီပီပြင်ပြင်သွားမယ်ဆိုတဲ့ စိတ်ဓာတ် ကိုယ်စီရှိကြတယ်။ ကျနော်တို့လည်း အားရတယ်။ အခက်အခဲတချို့ ရှိတယ်ဆိုတဲ့နေရာမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ဒီလွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ၊ အခက်အခဲဆိုတာ နမူနာတခုလောက်ပြောပြပါလား။ အခက်အခဲဆိုတာက ကျနော်တို့က မဆလ ဆိုတာကလည်း တပါတီစနစ်နဲ့ ၂၆ နှစ်၊ နောက် တပ်မတော်အစိုးရကလည်းပဲ ၂၂ နှစ်တာနီးပါးပေါ့။ အဲ့တော့ ဒီအချိုးအကွေ့တွေမှာက နိုင်ငံရေးအတွေ့အကြုံက အတော်အားနည်းတယ်။ ဒီမှာကျတော့ ဒီမိုကရေစီနဲ့ နိုင်ငံရေး၊ နိုင်ငံရေးနဲ့ ဒီမိုကရေစီ ရှေ့တန်းတင်သွားတဲ့ အချိန်အခါဖြစ်တဲ့အတွက် ဒါတွေကို ရောထွေးတာလည်း ရှိတယ်၊ တချို့ နှေးကွေးတဲ့သူတွေလည်းရှိတယ်၊ အမြဲတမ်းလုပ်နေတဲ့သူတွေလည်း ရှိတော့ ဒါတွေကို ညှိရတဲ့ အပိုင်းတွေလည်း ရှိတယ်။ စိတ်ကောင်းစေတနာကောင်းနဲ့ တအားမြန်ချင်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခြေအနေက မပေးဘူး။ ကျနော်တို့ လွှတ်တော်ရဲ့ ပုံပန်းသဏာန်တွေက အတော်ကောင်းပါတယ်။ အဆောက်အအုံတွေလည်း ခန့်ငြားပါတယ်။ ဒါကျနော်တို့ ဂုဏ်ယူနိုင်ပါတယ်။ ဒါပေမယ့် ဒီထဲမှာ တကယ်တမ်း အနှစ်သာရရှိရှိလုပ်ဖို့ဆိုတာက အတွေ့အကြုံနဲ့ ဗဟုသုတအပိုင်းမှာ အများကြီးလိုပါတယ်။ တခြားနိုင်ငံတွေနဲ့လည်း ကျနော်တို့က နည်းနည်းအဆက်သွယ် ပြတ်ခဲ့တာဆိုတော့ ဗဟုသုတတို့၊ နည်းနာနိဿရတို့ဆိုတဲ့အပိုင်းက အားနည်းတယ်။ အဲတော့ ကျနော်တို့က ဒီဥပဒေတွေကို ဖျက်မယ်၊ ဒီဥပဒေတွေကို အတည်ပြုမယ်၊ ဒီဥပဒေကို ပြဋ္ဌာန်းမယ် အဆိုတွေ ဆွေးနွေးရတာရှိတယ်။ အနယ်နယ်အရပ်ရပ်တွေက လိုအပ်ချက်တွေကို မေးတာရှိတယ်၊ ဖြစ်စေချင်တဲ့ဟာတွေ မေးတာရှိတယ်။ အဲဒီနေရာတွေမှာတော့ ကျနော်တို့ အခက်အခဲ ရှိတယ်။ ချက်ချင်း လိုအင်ဆန္ဒမပြည့်အောင် မလုပ်ပေးနိုင်တာတွေတော့ရှိတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် အားလုံး ကြိုးစားကြတယ်။ တချို့လောကြီးတဲ့သူတွေလည်း ရှိတယ်၊ တချို့ နှေးကွေးတဲ့သူတွေ ရှိတယ်ဆိုရင် ဦးအောင်သောင်းဆိုရင် ဘယ်နေရာမှာ ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆထားလဲ။ လောကြီးတဲ့ထဲ ပါမလား၊ နှေးကွေးတဲ့ထဲ ပါမလား။ ကျနော်က နှေးကွေးတဲ့ထဲလည်း မပါဘူး၊ လောကြီးတဲ့ထဲလည်း မပါဘူး။ ကျနော်ကတော့ ပုံမှန် အားလုံးပါနိုင်အောင်လို့ သွားချင်တယ်။ လောကြီးတဲ့လူကိုလည်း ထည့်မယ်၊ နှေးကွေးတဲ့သူကိုလည်း ဆွဲခေါ်သွားမယ်။ ကျနော်ကတို့အဖွဲ့ ဒီလိုအထဲမှာ ပါတယ်။ ကျနော်တို့သွားနေတာလည်း အဲအတိုင်းပဲ။ အမှားလည်းနည်းအောင်၊ တကယ်တမ်း ဖြစ်သင့်တာတွေလည်း တိတိကျကျ၊ ပြည့်ပြည့်စုံစုံနဲ့ ဖြစ်လာအောင်၊ သူများတွေက ပြောစရာမရှိအောင် ကျနော်တို့က သွားချင်တယ်။ ခိုင်ခိုင်မာမာဖြစ်ချင်တယ်။ ၀ုန်းဝုန်းဆိုရင် ကျန်တာတွေလည်း ရှိမယ်။ ချော်ခဲ့တာတွေလည်း ရှိကောင်းရှိမယ်။ ဆိုရင် လူတွေရဲ့ ဝေဖန်တာတွေလည်း အများကြီးကြုံရမယ်။ အဲလိုမျိုးတွေနည်းအောင်လုပ်မှ ကျနော်တို့က ခိုင်မာမယ်။ အဲလိုသွားမှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီတည်ဆောက်ရေးကို ခိုင်မာတယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။ အစိုးရသစ် တနှစ်ကျော်ကာလအတွင်းမှာ တချို့က ပြောင်းနေပြီလို့ ပြောတယ်၊ တချို့က မပြောင်းသေးဘူးလို့ပြောတယ်၊ တချို့ ဟိုဟာမပြောင်းဘူး ဒီဟာမပြောင်းဘူးလို့လည်း ပြောကြတယ်။ ဦးအောင်သောင်းအမြင်ဆိုရင် ဘယ်လို မှတ်ချက်ချမလဲ။ ပြောင်းနေပါပြီ။ သို့သော်လည်းပဲ ပြောင်းတဲ့ဟာက အချိန်ကာလကလည်း တိုသေးတဲ့အတွက် အရာထင်မှု နည်းသေးတာပေါ့။ အမှန်တိုင်းပြောရရင် ကျနော်တို့က ဒီမိုကရေစီနဲ့ပတ်သက်ပြီး ကျင့်သုံးနေတာတွေနဲ့ပတ်သက်လို့ကတော့ ကလေးအဆင့်မှာပဲ ရှိသေးတယ်။ လူကြီးဖြစ်နေတဲ့လူက၊ ရင့်ကျက်နေတဲ့လူက အတွေ့အကြုံရှိတဲ့လူတွေက မြင်လို့ရှိရင်တော့ ဒါကတော့ နည်းနည်း နှေးတယ်လို့လည်း ပြောလို့ရတယ်၊ ပြောင်းတာလိုသေးတယ်လို့လည်း ပြောလို့ရတယ်။ အမြင်တွေကတော့ အမျိုးမျိုးရှိပါတယ်။ ကျနော်တို့က တကယ်တော့ ပြောင်းတယ်၊ ဒါပေမယ့် အရာတော့ မထင်သေးဘူး။ အားရလောက်အောင် ဖြစ်ချင်မှ ဖြစ်မယ်၊ ဒါပေမယ့် တနေ့တော့ ဖြစ်လာလိမ့်မယ်။ အထူးသဖြင့် အားမရစရာကဏ္ဍတွေထဲမှာ နမူနာအနေနဲ့ ပြောမယ်ဆိုရင် ဘယ်ကဏ္ဍမျိုးကို ပြောနိုင်မလဲ။ ကျနော်တို့မှာ အဓိကတော့ မပြည့်စုံဘူး။ ဘတ်ဂျက်က မပြည့်စုံဘူး။ ငွေကြေးက မပြည့်စုံတော့ အရာရာ လုပ်ချင်တာတွေ အားလုံးက ငွေကြေးဘဏ္ဍာရေးအရ မလိုက်နိုင်တဲ့အခါကျတော့ လွှတ်တော်ဘက်ကလည်း ထိန်းပြီး သွားနေရတယ်။ အစိုးရဘက်ကလည်း ထိန်းပြီးသွားနေရတယ်။ ဒီဟာနှစ်ခုမှာ ဒီဘက်က လုပ်ချင်တာနဲ့ အစိုးရက မလုပ်နိုင်သေးတာနဲ့ လာပြီးတော့မှ အဆင်မပြေတာတွေ အနည်းအကျဉ်းရှိတယ်။ အဲဒါကြောင့်မို့ အများအမြင်မှာ နှေးတယ်လို့ ပြောတယ်။ ကျနော်တို့ အမြင်ကတော့ နားလည်နေတဲ့ အခါကျတော့ နှေးတယ်လို့ မယူဆဘူး။ ဘာလို့လဲဆိုတော့ ဒီအခက်အခဲမျိုးက အမြဲတမ်း တွေ့နေကြလို ဖြစ်နေတယ်။ ကျနော်တို့မှာ ဘယ်ကမှ အကူအညီမရဘူးဆိုတော့ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နေရတဲ့ အခါကျတော့ အကူအညီရတဲ့ နည်းပညာရတာနဲ့ ငွေအားရတာတွေနဲ့ ဘယ်လိုမှ မတူနိုင်ဘူး။ အဲအခက်အခဲတွေတော့ ရှိတယ်။ အဲတော့ ဒီမိုကရေစီနိုင်ငံတခုရဲ့ အဓိက ဒေါက်တိုင်လို့ ပြောရမှာပေါ့နော်။ အစိုးရရယ်၊ လွှတ်တော်ရယ်၊ လူမှုအခြေပြု အဖွဲ့အစည်းတွေရယ်။ ဆိုတော့ လွှတ်တော်ရဲ့ အင်အားပေါ့ လွှတ်တော်ရဲ့ ဥပဒေပြု စွမ်းရည်၊ လွှတ်တော်ရဲ့ အင်အားခိုင်မာတောင့်တင်းမှု၊ လွှတ်တော်ရဲ့ ဥပဒေပြုမှု စွမ်းရည်ဟာ အားရစရာကောင်းပြီလို့ ဆိုနိုင်လား။ “မဆိုနိုင်သေးပါဘူး။ အားရပြီဖို့အတွက် အားလုံးက စိတ်အားထက်သန်စွာသွားနေတယ်လို့ ဆိုနိုင်ပါတယ်။ ပြင်ချင်စိတ်တွေ ရှိတယ်။ မသင့်တော်တာတွေ ဖျက်ချင်စိတ်တွေလည်း ရှိကြတယ်။တော်တော်တူနေတယ်လို့ ပြောလို့ရမယ်။ အများနည်းတူ တိုးတက်ဖို့အတွက်လည်း ဥပဒေသစ်တွေ၊ ကောင်းတဲ့ ဥပဒေတွေ၊ လေ့လာအတုခိုးပြီးတော့ ထုတ်ချင်စိတ်တွေလည်း အတော်ပြင်းထန်တာတွေ့ရတယ်။ ဒါကတော့ ကျနော်တို့လွှတ်တော်မှာ တော်တော်ညီတာတွေ့ရတယ်။ လွှတ်တော်အနေနဲ့ကတော့ ဒီမိုကရေစီပေါ်ထွန်းရေးအတွက် အဓိကဖြစ်တဲ့ ဥပဒေပြုရေးမှာတော့ တော်တော်လေးကို အားသန်တယ်။ ကျနော်တို့လွှတ်တော်သည် ဗဟုသုတနည်းသော်လည်း၊ အတွေ့အကြုံနည်းသော်လည်း စိတ်အားထက်သန်မှုကတော့ များတယ်။ ဒါကြောင့်မို့ ကျနော်တို့ လွှတ်တော်သည် ၁ နှစ်နဲ့ ၃ လလောက်နဲ့ကတော့ဖြင့် ကျနော်တို့ကို အားရဖွယ်ရှိတယ်လို့ ပြောရင်လည်း ပြောတဲ့လူက လိုနေဦးမှာဖြစ်ပါတယ်။” လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတကာမှာသွားရောက် လေ့လာတာတွေ့ရပါတယ်။ တခြား နိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်၊ လုပ်ငန်းလည်ပတ်ပုံတွေ လေ့လာတာတွေ့ရတဲ့အခါကျတော့ သူတို့ပြန်လာတဲ့ အခါမှာ ပြုပြင်ပြောင်းလဲချင်တာတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ ပြင်သင့်တဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပြောဆိုမှုကရော ဘယ်လို အခြေအနေရှိပါလဲ။ “ပြန်လာတဲ့လူတွေက ဒီလောက်ကြီး ဆွေးနွေးတာမျိုးတွေတော့ မရှိသေးဘူး။ သို့သော်လည်းပဲ သူတို့အတုယူလာတာတွေတော့ ရှိတယ်။ သူတို့ရေးရာကော်မတီအလိုက်တော့ ဘယ်နိုင်ငံမှာ ဘယ်လိုလုပ်လဲ၊ စသဖြင့် အင်္ဂလန်မှာ ဘယ်လိုလုပ်လဲ၊ ဂျာမနီမှာ ဘယ်လိုလဲ၊ နော်ဝေမှာဘယ်လိုလုပ်လဲပေါ့။ ဆွီဒင်မှာ ဘယ်လိုလုပ်လဲဆိုတာတော့ သူတို့ ပြန်ပြောတယ်။ ကော်မတီအလိုက် ဆိုင်ရာ ဆိုင်ရာ ဆွေးနွေးကြတာလေးတွေတော့ အနည်းအကျဉ်းပြန်ကြားတယ်။ လွှတ်တော်ကြီး တရပ်လုံးကိုတော့ ဒီလိုရှိနေတယ်ဆိုတာ သူတို့ ပြန်ရှင်းတာတော့ မရှိသေးဘူး။” ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြောင်းသင့်တဲ့အချက်တွေ၊ ဥပမာ အချိန်တိုအတွင်းမှာ ပြောင်းသင့်တဲ့ အချက်တွေ၊ တဖြည်းဖြည်း ပြောင်းသင့်တဲ့အချက်တွေ စသည်ဖြင့် ဘယ်လိုဆွေးနွေးသုံးသပ်တာမျိုး ရှိလဲ။ “ဒါတွေတော့ တယောက်မှ မလာသေးဘူး။ ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေ ပြင်ရမယ်ဆိုတာတော့ အခုဆိုရင် တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ အခွင့်အရေးတွေ မနစ်နာ မဆုံးရှုံးအောင် ဥပဒေတရပ် ပြဋ္ဌာန်းပေးပါလို့ တင်တယ်။ အားလုံးက ဆွေးနွေးကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပဲ ပြင်သင့်တာတွေပြင်ပေးပါ။ ဥပဒေမှာတင် မဟုတ်သေးဘူး၊ ဥပဒေမှာပါတဲ့ အချက်အလက်တွေကို တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်အောင် လုပ်ပေး ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါကိုလည်းပဲ လူတိုင်းက ဒါကိုလက်ခံပါတယ်။” အပိုင်း ၂ မှာတော့ ဗဟိုဘဏ်ရဲ့ လုပ်ငန်းဆိုင်ရာ ငွေကြေးကိစ္စ အခြေအနေတွေ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုငွေကြေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေကို ဆက်လက်တင်ပြသွားပါမယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024